တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေး ဘယ်လိုအစပြုခဲ့လဲ
မြန်မာနိုင်ငံမှာနေ မြန်မာလူမျိုးဖြစ်လို့ နေ့တိုင်းတော့ မြန်မာစကားကိုပြော၊ မြန်မာစာကို ဖတ်နေကြရတာပါပဲ။ ပြည်တွင်းကပုဂ္ဂလိက ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်း (International School) တွေမှာ မြန်မာစာ ဘာသာရပ်ဟာ တိုင်းခြားဘာသာရပ်တစ်ခုလို ဖြစ်လာနေပါတယ်။ အကြောင်းကတော့ အဲဒီကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေဟာ အဆင့်မြင့်တဲ့ ပညာရေးကို ရယူနေကြပေမဲ့ မြန်မာစာအတွက် ပြင်ပမှာ ဆရားငှားပြီး သီးခြားထပ်မံသင်ယူနေရတာကြောင့်ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံတကာကျောင်းတချို့ဆိုရင်လည်း သူတို့ကျောင်းတွေမှာ မြန်မာစာဘာသာရပ်ကို သင်ကြားပေးတာ မရှိတော့ပါဘူး။ မြန်မာစာအပေါ် ကျောင်းသားကျောင်းသူတွေ စိတ်ဝင်စားမှုနဲ့ တန်ဖိုးထားမှု လျော့နည်း လာတာဟာ မြန်မာစာအနာဂတ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးရဲ့ ဘာသာစကားဟာ အဲဒီလူမျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းလို့ ပြောစမှတ်ရှိကြပါတယ်။ ရေနဲ့ကြာလို စာပေမြင့်မှ ယဉ်ကျေးမှုလည်း တင့်ပါလိမ့်မယ်။ လူငယ်တို့အတွက် ခေတ်ကြီးက တိုးတက်တဲ့အမြင်နဲ့ တိုးတက်တဲ့ အယူအဆကို တောင်းဆိုနေပါတယ်။ အဲဒီလို တိုးတက်တဲ့အမြင်၊ တိုးတက်တဲ့အယူအဆကို သဘောတူလက်ခံကျင့်သုံးနိုင်သလိ...