ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း



ကျားဖြန့်ဆိုတာ ဘာလဲ။ ကျားဖြန့် ဘာတွေလုပ်လဲ။ ကျားဖြန့်က လူငယ်တွေနဲ့ ဘယ်လိုပတ်သက်လဲ ဒီလိုမေးခွန်းပေါင်းများစွာအတွက် ဒီဆောင်းပါးက အဖြေဖြစ်ပါလိမ့်မယ်။ ရှုပ်ထွေးပွေလီလှတဲ့ ကျားဖြန့်လုပ်ငန်းစဉ်ကို တစ်ဆင့်ချင်း အထုပ်ဖြည်ပြမှာဖြစ်သလို ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတာကိုပါ ရှင်းပြသွားမှာပါ။

ကျားဖြန့်ဆိုတာ ဘာလဲ

ကျားဖြန့်ဆိုတာ 诈骗 (Zhàpiàn) ဆိုတဲ့ တရုတ်စကားလုံး တစ်ခုပါ။ ပြီးတော့ တရုတ်အသံထွက်အနေနဲ့ ကျားဖြန့်လို့ ခေါ်ကြတာပါ။ လိမ်ညာခြင်း၊ ငွေကြေးလိမ်ညာခြင်းဆိုပြီး အဓိပ္ပါယ်ရပါတယ်။ အရှေ့တောင်အာရှနဲ့နိုင်ငံတော်တော်များများမှာတော့ ကျားဖြန့်ဆိုတာကို အင်တာနက်ပေါ်ကနေ ငွေကြေးလိမ်လည်မှုဆိုပြီး သဘောပေါက်ထားကြပါတယ်။

ကျားဖြန့်ကို ဘယ်သူစလဲ

ကျားဖြန့်ဆိုတာ တရုတ်စကားလုံး၊ တရုတ်စာဖြစ်ကြောင်း ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် ကျားဖြန့် လိမ်လည်တဲ့လုပ်ငန်းရဲ့အစဟာ တရုတ်တွေပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နည်းပညာထိပ်တန်း ရောက်လာပြီးတဲ့နောက် တစ်ကမ္ဘာလုံးမှာ ကျားဖြန့်လုပ်ငန်းဟာ ကြီးထွားလာတာဖြစ်ပါတယ်။

ဘယ်သူတွေက ကျားဖြန့်ရဲ့ အဓိကပစ်မှတ်လဲ

ကျားဖြန့်ရဲ့ အဓိကပစ်မှတ်ကတော့ ခြုံပြောရရင် ငွေကြေးချမ်းသာတဲ့ အနောက်နိုင်ငံကလူတွေပဲ ဖြစ်ပါတယ်။  အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို အဓိကထားပါတယ်။ သတ်မှတ်ချက်တချို့လည်း ရှိပါတယ်။ အသက် ၄၀ အထက်ဖြစ်ရမယ်။ ပင်စင်စားတွေလည်း ဖြစ်ရမယ်။ အဓိကတော့ ငွေကြေးကြွယ်ဝရမယ်။ ဒီအချက်တွေက ကျားဖြန့်လုပ်ငန်းတွေက လိုချင်တဲ့ သတ်မှတ်ချက်တချို့ပါ။ လုပ်ငန်းတစ်ခုချင်းစီပေါ်မူတည်ပြီး ကွဲပြားခြားနားမှုတော့ ရှိနိုင်ပါသေးတယ်။

ကျားဖြန့်နဲ့ ဆက်စပ်လုပ်ငန်းတွေက ဘာတွေလဲ

ကျားဖြန့်ဆိုတာ ဒီအတိုင်း ငွေကြေးလိမ်လည်ရုံသက်သက်မဟုတ်ပါဘူး။ ဒီကျားဖြန့်လုပ်ငန်းတွေက လူမှောင်ခိုလုပ်ငန်း၊ တရားမဝင် မူးယစ်ဆေးဝါးလုပ်ငန်း၊ အဓမ္မလုပ်သားစုဆောင်းတဲ့လုပ်ငန်း၊ တရားမဝင် ငွေကြေးခဝါချလုပ်ငန်း၊ လောင်းကစားလုပ်ငန်း ဒီလိုလုပ်ငန်းတွေနဲ့ အကြီးအကျယ် ဆက်စပ်နေတာဖြစ်ပါတယ်။

 ဘယ်နေရာတွေမှာ ကျားဖြန့်တွေရှိလဲ

ကျားဖြန့်ကို အရှေ့တောင်အာရှနိုင်ငံတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ အလွယ်ပြောရင် ကျားဖြန့်တွေဟာ ဆင်းရဲတဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာ ခြေကုပ်ယူကြပါတယ်။ ကမ္ဘာဒီးယား၊ လာအို၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့လို နိုင်ငံတွေမှာ အခြေစိုက်ကြတာများပါတယ်။ အဲဒီကနေ လုပ်သားတွေရှာဖွေကြပါတယ်။

လုပ်သားရှာဖွေရာမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ခုကတော့ ဝန်ထမ်းအဖြစ် ငွေကြေးအမြောက်အမြားပေးပြီး ခေါ်ယူစေခိုင်းတာ ဖြစ်ပါတယ်။ နောက်နည်းလမ်းတစ်ခုကတော့ လူကုန်ကူးလုပ်ငန်းတွေနဲ့ချိတ်ဆက်ပြီးလုပ်သားစုဆောင်းတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်တော့ ကျားဖြန့်တွေဟာ နယ်စပ်ဒေသတွေမှာ အများအပြား တည်ရှိပါတယ်။ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် (BGF) နယ်မြေတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့နယ်မြေမှာ အများအပြားရှိပါတယ်။

တရုတ်-မြန်မာ နယ်စပ် စုစုပေါင်း ၇ မြို့မှာ ကျားဖြန့်လုပ်ငန်းစုစုပေါင်း ၃၅ ခုထက်မနည်းရှိပါတယ်။ မြို့နာမည်တွေကို ပြောရရင် (၁) မူဆယ်၊ (၂) လားရှိုး၊ (၃)လောက်ကိုင်၊ (၄) ပန်ဆန်း၊ (၅) မိုင်းပေါက်၊ (၆) မိုင်းလားနဲ့ (၇) ကျိုင်းတုံတို့ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် စုစုပေါင်း ၁၀ မြို့မှာ လုပ်ငန်းအရေအတွက် ၅၀ ဝန်းကျင်ရှိပါတယ်။ ကျားဖြန့်ရှိတဲ့ မြို့တွေက (၁) တာချီလိတ်၊ (၂) ရွှေကုက္ကိုလ်၊ (၃) မြဝတီ၊ (၄) ဖလူး၊ (၅) ကျောက်ခက်၊ (၆) ဆုံဆည်းမြိုင်၊ (၇) ဝေါလေ၊ (၈) ဘုရားသုံးဆူ၊ (၉) ထီးခီးနဲ့ (၁၀) ကော့သောင်းတို့ ဖြစ်ပါတယ်။

ကျားဖြန့်တွေ ဘယ်လိုလည်ပတ်လဲ

ဒါက အရေးအကြီးဆုံးအပိုင်းဖြစ်သလို ကျားဖြန့်လုပ်ငန်းတွေရဲ့  လျှို့ဝှက်တဲ့အပိုင်းပဲဖြစ်ပါတယ်။ ဒီတော့ ကျားဖြန့်တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာကို လုပ်ငန်းစတည်တာကနေ လိမ်လည်တဲ့အထိ အစအဆုံးရှင်းပြပါမယ်။

အဆင့်လိုက်ပြောရရင်

(၁) လုပ်ငန်းအခြေတည်ခြင်း

(၂) အချက်အလက်စုဆောင်းခြင်း

(၃) ဝန်ထမ်းစုဆောင်းခြင်း

(၄) လုပ်ငန်းစဉ်

(၅) လိမ်လည်ခြင်း ဆိုပြီး တွေ့ရပါတယ်။ တစ်ခုချင်းရှင်းပြပါဦးမယ်။

(၁) လုပ်ငန်းအခြေတည်ခြင်း

ကျားဖြန့်တွေဟာ ခုနပြောသလို ဆင်းရဲတဲ့အရှေ့တောင်ရှနိုင်ငံတွေမှာ အာဏာပိုင်တွေနဲ့ပေါင်းပြီး ခြေကုပ်ယူလိုက်ပါတယ်။ ခြေကုပ်ရယူဖို့အတွက် ဒေသဆိုင်ရာအာဏာပိုင်တွေဆီကနေ နှစ် ၃၀ ကနေ နှစ် ၅၀ အထိ မြေကိုငှားရမ်းလိုက်တာဖြစ်ပါတယ်။

ပြီးရင်တော့ ခြံဝန်းတွေခတ်၊ အဆောက်အအုံတွေအကြီးအကျယ်ဆောက်ပြီး ဒေသဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေကို ငွေနဲ့ပေါက်ပြီး အစောင့်လုပ်ခိုင်းပါတယ်။ ဥပမာ ပြောရရင် မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသနဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် ထိန်းချုပ်တဲ့ ဒေသတွေမှာ အဲဒီလို လုပ်နေကြတာဖြစ်ပါတယ်။

မရှိမဖြစ်လိုအပ်တဲ့ အင်တာနက်လိုင်းကိုလည်း နယ်နိမိတ်ဖြတ်ကျော်ပြီးတောင် ရယူသုံးစွဲကြပါတယ်။ မြန်မာနယ်စပ်မှာဆိုရင်တော့ ထိုင်းနိုင်ငံကတဆင့် အင်တာနက်လိုင်းတွေကို ချိတ်ဆက်ရယူသုံးစွဲကြပါတယ်။  အဲဒီလိုအဆင့်တွေက မြင်သာတဲ့ လုပ်ငန်းစဉ်အပိုင်းတွေပါ။

တခြားကျန်နေသေးတာကတော့ မမြင်သာတဲ့ အပိုင်းပါ။ အဲဒါကတော့ ဒေတာအချက်အလက် စုဆောင်းတဲ့ အပိုင်းဖြစ်ပါတယ်။

 (၂) အချက်အလက်စုဆောင်းခြင်း

ကျားဖြန့်တွေဟာ ပညာမတတ်တဲ့လူတွေလုပ်ကိုင်တဲ့ လုပ်ငန်းနယ်ပယ်လို့ ထင်နေတယ်ဆိုရင် မှားသွားပါလိမ့်မယ်။ ကျားဖြန့်ကို ကြီးကြပ်တဲ့လူတွေကစပြီး အောက်ခြေဝန်ထမ်းအထိ အနည်းဆုံးတော့ အင်တာနက်သုံးတာကျွမ်းကျင်သူ၊ လူမှုကွန်ရက်သုံးတာ ကျွမ်းကျင်သူတွေပါ။ ပြီးရင် ဘာသာစကားကလည်း အနည်းဆုံး ၂ မျိုးလောက်ကတော့ ထမင်းစားရေသောက် တတ်မြောက်လေ့ရှိပါတယ်။

ကျားဖြန့်ရဲ့ အလယ်အလတ်တာဝန်ယူထားသူတွေကတော့ နည်းပညာကျွမ်းကျင်တဲ့ ပညာရှင်တွေပါ။ သူတို့က အချက်အလက်တွေ ဘယ်လိုစုဆောင်းမယ်။ အင်တာနက်လုံခြုံရေး မကျိုးပေါက်အောင် ဘယ်လိုထိန်းသိမ်းမယ်။ နိုင်ငံတကာ Cyber Police တွေ မျက်စိအောက် သူတို့လုပ်ငန်းတွေ မရောက်အောင် ဘယ်လိုလုပ်မယ် ဆိုတာမျိုးတွေက အစတွက်ချက်ကြရတာပါ။

အဲဒီပညာရှင်တွေဟာ လိမ်လည်မဲ့ ဝက်ဘ်ဆိုက်တွေ၊ ငွေလွှဲမဲ့ပုံစံတွေ၊ စတော့ရှယ်ယာအတုတွေ၊ ဘဏ်အကောင့်တွေ၊ Crypto တွေ နဲ့ အပ်ပလီကေးရှင်းတွေ ဒီလိုလိုအပ်ချက်တွေအကုန်လုံးကို စနစ်တကျဖြစ်အောင် လုပ်ငန်းမစတင်မီကတည်းက ပြင်ဆင်ရပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေဟာ နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်တာဖြစ်လို့ ဒီလိုကိစ္စတွေကို သေသေသပ်သပ်ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။

အချက်အလက်စုဆောင်းတဲ့အပိုင်းမှာတော့ သူတို့ရဲ့ လိမ်လည်မှုပစ်မှတ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေက လူတွေရဲ့ အချက်အလက်တွေကို အဓိကထားပြီး

စုဆောင်းလေ့ရှိပါတယ်။ လူနာမည်၊ မိသားစုဝင်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ပင်စင်စားဟုတ်၊မဟုတ်၊ လုပ်ငန်းပိုင်ဆိုင်မှုရှိမရှိနဲ့ လုပ်ငန်းအကြောင်း၊ ငွေကြေးကြွယ်ဝမှု ခန့်မှန်းချက် ဒီလိုအချက်တွေကို အသေးစိတ်မှတ်တမ်းတင်ထားတာပါ။ ဒီလိုအချက်အလက်တွေကို လိမ်လည်ခါနီးကျမှ တစ်ယောက်ချင်းစီ လိုက်လံစုဆောင်းနေတာမျိုးမဟုတ်ဘဲ ဒေတာဘေ့စ်နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအချက်အလက်မျိုးကို သူတို့ဘယ်လိုရယူပါသလဲ။ တရားဝင်ရယူဖို့ဆိုတာ မဖြစ်နိုင်တာမို့ ဝယ်ယူသလား၊ Hacking လုပ်သလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းမှာ လက်ရှိလုပ်ကိုင်နေတာ ဝန်ထမ်းတစ်ဦးပြောတာကတော့ ဒီလိုအချက်အလက်တွေကို ဝယ်ယူထားတာဖြစ်ပြီး‌ အဖွဲ့ခေါင်းဆောင်တွေက လိုအပ်ရင် ထုတ်ပေးတယ်လို့ ဆိုပါတယ်။ ပြီးတော့ သူတို့က ChatGPT ကိုလည်း ကောင်းကောင်းသုံးစွဲကြပါသေးတယ်။

နောက်ထပ် ဖြစ်နိုင်ခြေနည်းလမ်းများစွာထဲက တစ်ခုကတော့ တယ်လီဖုန်းလမ်းညွှန်စာအုပ်တွေကလည်း သူတို့အတွက် အသုံးဝင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါတွေကို ပိုပြီးအဆင့်မြင့်အောင် နည်းပညာနဲ့ ပေါင်းစည်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

နောက်ထပ် သူတို့ စုဆောင်းထားတဲ့အချက်အလက်တစ်ခုကလည်း ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ အဲဒါကတော့ Chatting Dialogue လို့ ခေါ်ရမဲ့ အပြန်အလှန်ပြောစကားတွေကို စုဆောင်းထားတာပါ။

သူတို့က လူတစ်ယောက်ကို ဆက်သွယ်ပြီး လိမ်လည်တော့မယ်ဆိုရင် စကားစပြောပါတယ်။ ဒီတော့ ဟိုဘက်က ပြန်ပြောမဲ့ စကား၊ ဒီဘက်က ပြောရမဲ့စကား။ အဲဒီလိုအပြန်အလှန်ပြောရမဲ့ စကားတွေဟာ တောင်စဉ်ရေမရ ပြောချင်ရာ လျှောက်ပြောနေတာမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် ဟိုဘက်က ဘာပြောရင် ဒီဘက်က ဘာပြန်ပြောရမယ်ဆိုတဲ့ စကားတွေက အစီအစဉ်တကျ ရှိပြီးသားပါ။ ဒီလိုရှိအောင်လည်း ခုနပြောတဲ့ Chatting Dialogue Manual ဆိုတာ ရှိပါတယ်။ အဲဒါကိုကြည့်ပြီး ပြောရတာဖြစ်ပါတယ်။

လိုအပ်ရင် ကြီးကြပ်သူက ဘာစကားပြောလိုက်၊ ဘယ်စကားကိုတော့ မပြောမိစေနဲ့ဆိုပြီး အနီးကပ်မှာကြားတာမျိုးလည်း ရှိပါသေးတယ်။ တကယ့်ကို အစီအစဉ်တကျပါ။ ဆိုတော့ ကျားဖြန့်တွေမှာ လူတွေအကြောင်းကိုသိတဲ့ စိတ်ပညာရှင်တွေတောင် ခန့်အပ်ထားတာမျိုး၊ အကြံပေးတာမျိုးရှိနိုင်တယ်လို့ တချို့ကလည်း ယူဆကြတာရှိပါတယ်။ နိုင်ငံတကာနဲ့ချီပြီး လှည့်ပတ်လိမ်လည်နေကြတာဖြစ်ပြီး တန်ဖိုးအားဖြင့်လည်း ဒေါ်လာဘီလီယံနဲ့ချီတာမို့ မဖြစ်နိုင်ဘူးလို့လည်း သေချာပေါက်တော့ ပြောဖို့ခက်ပါတယ်။

(၃) ဝန်ထမ်းစုဆောင်းခြင်း

ကျားဖြန့်တွေဟာ နိုင်ငံပေါင်းစုံကနေ လုပ်သားစုဆောင်းပါတယ်။ အထူးသဖြင့် မဖွံ့ဖြိုးတဲ့၊ ဆင်းရဲတဲ့နိုင်ငံတွေ၊ တစ်နေ့လုပ်အားခနည်းပါးတဲ့နိုင်ငံက ပညာတတ် လူငယ်‌တွေကို အဓိကထားပါတယ်။ နိုင်ငံအနေနဲ့ ခြုံပြောရရင် တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ နီပေါလ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ ဒီလိုအာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေက လူငယ်တွေကို လုပ်သားအဖြစ် စုဆောင်းကြပါတယ်။

အလုပ်ခေါ်တဲ့အခါ ဝန်ထမ်းဖြစ်ပြီးသူတွေကနေ ခေါ်တာရှိသလို တယ်လီဂရန်၊ ဖေ့ဘုတ်တို့လို ဆိုရှယ်မီဒီယာတွေကနေလည်း လုပ်သားစုဆောင်းကြပါတယ်။ ကျားဖြန့်အတွက် လုပ်သားစုဆောင်းတဲ့ တယ်လီဂရန်တစ်ခုဟာ တစ်နေ့ကို လုပ်သားခေါ်တဲ့ကြော်ငြာပို့စ် အခု ၅၀၀ လောက် ပျမ်းမျှတက်တာကို တွေ့ရပါတယ်။ လစာကတည်း မြန်မာအနေအထားနဲ့ကြည့်ရင် အလွန်များတဲ့ ပမာဏဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း တယ်လီဂရမ်တွင် ကျားဖြန့်အလုပ်ခေါ်သည်ကို တွေ့ရစဉ်။ 

မြန်မာအတွက် ကျားဖြန့်လုပ်သားတစ်ယောက်ဟာ အနိမ့်ဆုံး ဘတ် ၁၅,၀၀၀ ကနေ ဘတ် ၄၀,၀၀၀ အထိ ရကြတာဖြစ်လို့ မြန်မာငွေနဲ့ပြန်တွက်တဲ့အခါ တစ်လ ၁၆ သိန်းကျပ်ကနေ သိန်း ၄၀ ကျော်အထိ ပေးနေတာဖြစ်ပါတယ်။ တကယ်လည်း အဲဒီလိုလစာအမြောက်အမြားပေးကြောင်း ကျားဖြန့်မှာ လုပ်သားအဖြစ် လုပ်ကိုင်သူတွေက Build Myanmar-Media ကို သက်သေခံကြပါတယ်။

အားလုံးကို မဆိုလိုပေမဲ့ မြန်မာပြည်တွင်းမှာ လုပ်သားတစ်ယောက်ရဲ့လစာက ပျမ်းမျှ ၃ သိန်းကနေ ၅ သိန်းပဲ ရနေတဲ့အချိန် ကျားဖြန့်လုပ်ငန်းက ပေးတဲ့လစာဟာ ၅ ဆကနေ ၈ ဆအထိပိုများနေတာဟာ လူငယ်တွေအတွက် မက်လောက်စရာဖြစ်ပါတယ်။    

(၄) လုပ်ငန်းစဉ်

အခုတော့ ကျားဖြန့်အကြောင်းပြောပြလာတာ အဓိကကျတဲ့နေရာကို ရောက်လာပါပြီ။ ဒီတော့ ကျားဖြန့်လုပ်ငန်းခွင်တစ်ခုကို မျက်စိထဲမြင်အောင် ပြောပြပါမယ်။ အကြမ်းဖျဉ်း ၃ ဖွဲ့ရှိပါမယ်။ အဲဒါတွေက နည်းပညာအဖွဲ့၊ Finding အဖွဲ့နဲ့ Chatting အဖွဲ့။  တစ်ဖွဲ့စီမှာ ဝန်ထမ်း ၁၅ ဦးလောက်ရှိတတ်ပြီး ခေါင်းဆောင်တစ်ယောက်ရှိပါတယ်။ တစ်ဖွဲ့စီက ဘာတွေလုပ်လဲ ဆက်ကြည့်လိုက်ရအောင်ပါ။

နည်းပညာအဖွဲ့

တစ်ဖွဲ့ကိုတော့ နည်းပညာအဖွဲ့လို့ပဲ နားလည်လွယ်အောင် ခေါ်ကြပါစို့။ အဲဒီအဖွဲ့က ကျားဖြန့်လုပ်ငန်းခွင်မှာ လိုအပ်တဲ့ Linkedin, Whatsapp , Instagram, Skype တို့လို Social Media Account တွေကို ပြင်ဆင်ပေးရပါတယ်။ တစ်ခု သတိပြုရမှာက ဒီအဖွဲ့က ဖွင့်ပေးလိုက်တဲ့ အကောင့်တွေမှန်သမျှဟာ ငွေကြေးချမ်းသာတဲ့ အမျိုးသမီး ငယ်ငယ်ချောချောလှလှပုံတင်ထားတဲ့ အကောင့်တွေချည်းပါပဲ။ ပြီးတော့ ဒီအကောင့်တွေမှာ သူတို့ဟာ ပညာတတ်ကြောင်း၊ ကြွယ်ဝကြောင်းကို လူအများယုံကြည်အောင်  နည်းမျိုးစုံသုံးပြီး ဂွင်ဆင်ထားတာဖြစ်ပါတယ်။

Finding အဖွဲ့

ဒီအဖွဲ့ကတော့ သားကောင်ရှာတဲ့အဖွဲ့ပါ။ ခုနတုန်းက နည်းပညာအဖွဲ့က ပေးလိုက်တဲ့ အကောင့်ပေါင်း ၂၀ လောက်ကို လူတစ်ယောက်ကယူပြီး Social Media မှာ လိုက်လံမိတ်ဖွဲ့ရပါတယ်။ လူမှားချင်ယောင်ဆောင်သလို ဒီအတိုင်းမိတ်ဖွဲ့တာလည်းရှိပါတယ်။ စာမှားပို့တာမျိုးလည်း ရှိပါတယ်။ နည်းလမ်းမျိုးစုံနဲ့မိတ်ဖွဲ့ပြီး Gmail တွေ၊ လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ အဲဒီလို ကိုယ်ရေးအချက်အလက်တွေ ရယူတတ်ပါတယ်။ မရတာမျိုးလည်းရှိပါတယ်။ ကိုယ်လိုချင်တဲ့အချက်အလက်နဲ့ ကိုက်ညီတဲ့လူရဲ့ အချက်အလက်တွေရလာပြီဆိုရင် Chatting အဖွဲ့ဆီ ပို့လိုက်ပါတော့တယ်။

Chatting

ဒီအဖွဲ့ကတော့ အရေးအကြီးဆုံးအဖွဲ့ပါ။ Finding က ပို့လာတဲ့ အချက်အလက်တွေကိုယူ Finding က သုံးထားတဲ့ အမျိုးသမီးပုံဟန်ဆောင်တင်ထားတဲ့ အကောင့်ကိုယူပြီး သားကောင်နဲ့ စကားဆက်ပြောရပါတယ်။ ခပ်ရှင်းရှင်းပြောရင်တော့ အယုံသွင်းပြီး စိတ်ရှည်လက်ရှဉ် လိမ်ရပါတယ်။

ဒါကတော့ ကျားဖြန့်လုပ်ငန်းခွင်တစ်ခုရဲ့ အသေးစိတ်အဖွဲ့တွေအကြောင်း ဖြစ်ပါတယ်။

(၅) လိမ်လည်ခြင်း

ကျားဖြန့်တွေဟာ ဘယ်လိုလိမ်လဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီမှာတော့ စာလည်းရှည်နေလို့ အနှစ်ချုပ်ပဲ ရှင်းပြပါရစေ။ နည်းပညာအဖွဲ့က လိုအပ်တဲ့ အကောင့်တွေကို ကြိုပြင်ပါတယ်။ Finding တွေက သားကောင်ရှာပါတယ်။ ရလာတဲ့အချက်အလက်ကို အပေါ်မှာပြောခဲ့သလို Chatting ကို ပို့ပါမယ်။ Chatting အဖွဲ့က စကားတွေပြော ရင်းနှီးအောင်လုပ်ပြီး သူလုပ်နေတဲ့ အလုပ်မှာ ပါဝင်ပြီး ရှယ်ယာထည့်ဖို့ ဆွဲဆောင်ပါတယ်။ ပြီးရင် ဝက်ဘ်ဆိုက်လင့်ကို ပေးပါတယ်။ အဲဒီဝက်ဘ်ဆိုက်က အတုဖြစ်ပြီး ပြနေတဲ့ ရှယ်ယာကိန်းဂဏန်းတွေကလည်း သူတို့ဖန်တီးထားတဲ့ အတုပါ။ ပြီးရင်တော့ ရှယ်ယာဝယ်ဖို့ စည်းရုံးပါတယ်။ ရှယ်ယာဝယ်လိုက်ပြီဆိုပါစို့။ အဲဒါဆို အလိမ်ခံလိုက်ရပါပြီ။ ဒါပေမဲ့ ကိုယ်တိုင်ကတော့ သိမှာမဟုတ်သေးပါဘူး။ ရှယ်ယာဝယ်ပြီး တစ်ပတ်လောက်ကြာရင် ရှယ်ယာတန်ဖိုးက  တက်လာတော့ ကိုယ့်ပိုင်ဆိုင်မှုကလည်း တက်လာပါတယ်။ ဒီလိုနဲ့ ရှယ်ယာထပ်မဝယ် ဝယ်ချင်အောင်လည်း ရှယ်ယာဈေးတွေကတက်၊ ဒီတော့ ထပ်ဝယ်။ ဒီလိုနဲ့ နောက်ဆုံးကျ ထည့်သမျှငွေအကုန်လုံး အလိမ်ခံလိုက်ရတာဖြစ်ပါတယ်။

ကျားဖြန့်နိဂုံး

ကျားဖြန့်တွေကို တရုတ်အစိုးရက တိုက်ဖျက်နေပါတယ်။ ပြီးခဲ့တဲ့မတ်လမှာပဲ တရုတ်အာဏာပိုင်တွေက မြန်မာနိုင်ငံနဲ့ပေါင်းပြီး မူဆယ်က ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ခဲ့ပါတယ်။ အဲဒီမှာ မြန်မာ စစ်တပ်ဘက်က ထိပ်ပိုင်ခေါင်းဆောင်တွေတောင် ကျားဖြန့်လုပ်ငန်းနဲ့ဆက်စပ်နေတာ တွေ့ခဲ့ရပြီး တချို့လည်း အရေးယူခံလိုက်ရပါတယ်။

အခုတော့ တရုတ်မြန်မာနယ်စပ်မှာ ကျားဖြန့်တွေက အခက်တွေ့နေပါပြီ။ ထိုင်းမြန်မာနယ်စပ်မှာတော့ ကျားဖြန့်တွေ အတော်များများကျန်ပါသေးတယ်။ ဒီတော့ လူငယ်တွေကို သိမ်းသွင်းစည်းရုံးနေဆဲပါ။ ပြည်တွင်းမှာ အလုပ်မရှိ၊  ဝင်ငွေနည်းအချိန်မှာ ကျားဖြန့်တွေကတော့ သူတို့လုပ်ငန်းအတွက် သိန်း ၂၀ ကနေ သိန်း ၄၀ အထိပေးပြီး ဆွဲဆောင်နေဆဲဖြစ်ပါတော့တယ်။

ကိုညို

ဤဆောင်းပါးကို Build Myanmar Media တွင် ၂၀၂၄၊ ဇူလိုင် ၂၄ ရက်က ဖော်ပြခဲ့ပြီးဖြစ်သည်။ 

Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

အာဏာရှင်အကျိုးစီးပွားအတွက် အသုံးချခံဖြစ်နေရတဲ့ ဗုဒ္ဓဘာသာ - ညိုထွန်း