NUG ကို အဝေးမြင်ဆင်ခြင်ခြင်း - ညိုထွန်း
တော်လှန်ရေးကြီး စခဲ့တာ တစ်နှစ်ခွဲတင်းတင်း ပြည့်ခဲ့ပါပြီ။ လာမည့် စက်တင်ဘာလ ၇ ရက်ရောက်ရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ခုခံစစ်ကြေညာချက်ဟာ တစ်နှစ်ပြည့်မြောက်တော့မှာပါ။ ဆိုလိုတာကတော့ ကိုယ့်အပြစ်ကိုယ်ရှာ၊ ကိုယ်ပေါင်ကိုယ်လှန်ထောင်းပြီး ပြင်သင့်တာ ပြင်ချိန်ရောက်ပြီလို့ ဆိုလိုတာပါ။
ဒီတော့ အာဏာသိမ်းမှုအလွန် ခုခံစစ်ကြီးမှာ ဘယ်လောက်အောင်မြင်ခဲ့ပါပြီလဲ။ ဘယ်နေရာတွေက အားနည်းချက်တွေ ဖြစ်နေတာပါလဲ။
အရင်ဆုံး ပြည်သူတွေနဲ့ပဲ စလိုက်ကြရအောင်ပါ။
မြန်မာပြည်လောက် နောက်လိုက်ကောင်းတဲ့ တိုင်းပြည်မရှိဘူးလို့ စာရေးဆရာ သိန်းဖေမြင့်က သူ့ရဲ့နာမည်ကျော် သပိတ်မှောက်ကျောင်းသား စာအုပ်ထဲမှာ ရေးပါတယ်။
၁၉၃၆ ကျောင်းသားသပိတ် မအောင်မြင်ရတဲ့အကြောင်းကို ရေးရာမှာ “ဗမာပြည်(မူရင်းအသုံး)လောက် နောက်လိုက်ကောင်းသော တိုင်းပြည်မရှိသလောက်ဖြစ်သည်ကိုပင် နောက်လိုက်ညံ့၍ဟု စွပ်စွဲခြင်းမှာ ကိုယ့်လူမျိုးအကြောင်း မသိရာရောက်သည်”ဆိုပြီး ရေးခဲ့ပါတယ်။
၈၈၈၈ အရေးတော်ပုံမှာ ပြည်သူတွေဖြစ်တဲ့ နောက်လိုက်တွေ ဘယ်လောက်ညီပါသလဲ။လှည်းနေလှေအောင်း စုစည်းခဲ့တာမလား။
ရှစ်လေးလုံးအပြီး ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်သူတွေ ဘယ်လောက်ညီလဲ။ နောက် ၂၀၁၅ ရွေးကောက်ပွဲ။ ၂၀၂၀ ရွေးကောက်ပွဲ။ ပြည်သူတွေ ဘယ်လောက်ညီလဲ။
နိုင်ငံ့အာဏာကို အရပ်သားအစိုးရထံ အပ်ခဲ့တာပဲမလား။ ဒီထက်မြင့်တဲ့ အာဏာဆိုတာ ဘယ်မှာရှိတော့လို့လဲ။ ပြည်သူတွေအပ်နှင်းတဲ့ အမြင့်ဆုံးအာဏာဆိုတာ အစိုးရအဖြစ် နိုင်ငံကိုအုပ်ချုပ်ခွင့်ပဲမလား။ အစိုးရဖြစ်ပြီဆိုမှတော့ အစိုးရဟာ ပြည်သူကို မကာကွယ်နိုင်ရင်တောင် အရင်ဆုံး ကိုယ့်အစိုးရအဖွဲ့ကို ကာကွယ်နိုင်ခဲ့သင့်တာ။
စစ်ခေါင်းဆောင်တွေ အာဏာသိမ်းတော့ လာဖမ်းရင် လိုက်သွားမယ်ဆိုတဲ့ No Plan သမားတွေ၊ လာဖမ်းတာကို အိတ်ပြင်ပြီး ထိုင်စောင့်နေတဲ့အစိုးရအဖွဲ့ဝင်တွေကိုပဲ တွေ့လိုက်ရတယ်။ သူတို့လိုက်သွားပေမဲ့ ပြည်သူတွေကတော့ လမ်းပေါ်ထွက်ခဲ့တယ်။
အာဏာသိမ်းတော့ ပြည်သူတွေဟာ လမ်းပေါ်ကိုထွက်တာမှ လူသိန်းချီထွက်တယ်။ အဲဒီလိုထွက်တဲ့အထဲမှာ နယ်ဘက်၊ကျေးဘက် တောကြုံအုံကြားကနေ မြို့ပြစက်ရုံက အလုပ်သမားတွေအထိ ပါဝင်ပါတယ်။
နောက်တော့ စစ်ခေါင်းဆောင်တွေ အကြမ်းဖက်ဖြိုခွဲ၊ လူငယ်တွေ တောထဲရောက်ပြီးခေတ်သစ်တစ်ခုကို အစပျိုးခဲ့တယ်။ ဒီလိုနဲ့အနိုင်ရပါတီကလူတွေ စုဖွဲ့ထားတဲ့ CRPH ဖြစ်ပြီး နောက်ပိုင်းမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ပေါ်ပေါက်လာတယ်။
NUG အစိုးရဖြစ်လာတဲ့အခါ ကူဖို့၊ လှူဖို့၊ ကလစ်ဖို့တွေ ဖြစ်လာသလို တော်လှန်ရေးအတွက် ပြည်သူ့ဘက်ကလည်း လိုအပ်တဲ့ကိစ္စလို့ရူမြင်လို့ ကူကြ၊ လှူကြ၊ ကလစ်ကြတာ အခုထိပါပဲ။
ဒီတော့ အသေးစိတ်တွေကို ဆက်မပြောဘဲ NUG ဘာတွေလိုအပ်နေလဲဆိုတာ ကြည့်ရအောင်ပါ။
တော်လှန်ရေးကာလအတွင်း NUG ရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်တဲ့အခါ အဓိကျတဲ့ လိုအပ်သုံးခုလောက် တွေ့ရပါတယ်။
အဲဒါက (၁) တော်လှန်ရေးအစိုးရ ပီသဖို ၊ (၂) စည်းနှောင်အား တည်ဆောက်ဖို့နဲ့ (၃) မြေပြင်အခြေအနေကို အာရုံစိုက်ဖို့ပါ။
(၁)တော်လှန်ရေးအစိုးရပီသဖို့
NUG စပေါ်တော့ ဒေါက်တာစိန်ဝင်းရဲ့ NCGUB လို တစ်ချိန်ကျပျောက်ကွယ်သွားမှာ၊ လေလှိုင်းပေါ်က အစိုးရဆိုတာမျိုး စစ်အုပ်စုက ပြောပါတယ်။ ဒါပေမယ့် NUG ဟာ ဒီလိုမဟုတ်ခဲ့ဘဲ တော်လှန်ရေး အစိုးရဆိုပြီး ဖြစ်လာပါတယ်။
တော်လှန်ရေးအစိုးရဖြစ်တဲ့အတွက် NUG မူလပထမဦးစားပေးဟာ တော်လှန်ရေးလုပ်ဆောင်ဖို့နဲ့ တော်လှန်ရေးအောင်မြင်ဖို့ပဲဖြစ်ပါတယ်။ ဒါမှသာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာမလား။
ဒါဖြင့် NUG က ဝန်ကြီးဌာန ၁၆ ခုနီးပါးလောက် ဘာ့ကြောင့် ဖွဲ့တာပါလဲ။ တော်လှန်ရေးအစိုးရ၊ လက်နက်စွဲကိုင်တော်လှန်မယ့် အစိုးရတစ်ရပ်အတွက် ဝန်ကြီးဌာန ၁၆ ခုနီးပါးအထိ လိုအပ်ပါသလား။ စဉ်းစားကြဖို့ဖြစ်ပါတယ်။ NUG ဟာ Reality Government မဟုတ်တဲ့အတွက် ဝန်ကြီးဌာနတွေ အဲဒီလောက်များများလိုပါသလား။ ဒီလိုဝန်ကြီးဌာနတွေများလွန်းတော့ လူအားငွေအားတွေ မဆုံးရှုံးဘူးလားမေးစရာဖြစ်ပါတယ်။
နောက်တစ်ချက်က NUG ကိုယ်စားလှယ်ရုံးတွေ နိုင်ငံတကာမှာ ဖွင့်နေတဲ့ကိစ္စ။ NUG ပြည်ပ ရုံးတွေဟာ သံတမန်ဆက်ဆံရေးမှာ အသာစီးရဖို့ဆိုတာ သိပါတယ်။ နိုင်ငံတကာမှာ ဒီလိုရုံးတွေဖွင့်နေတာဟာ တော်လှန်ရေးအစိုးရတစ်ရပ်အတွက် မူလပထမ တော်လှန်ရေးအောင်မြင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို တိုက်ရိုက်အကျိုးပြုပါသလား။ ဒါမှမဟုတ် ပြည်ပကိုပဲ အားပြုလွန်းပြီး ပြည်တွင်းမှာကျ လက်ဆုပ်လက်ကိုင် ပြစရာ အောင်မြင်မှုမရှိရာများ ရောက်နေမလား စဉ်းစားစရာပါ။ လက်တွေ့ကျကျပြောရရင် တော်လှန်ရေးကြီးမှာ ကိုယ့်ဘက်က အသာရတဲ့အခါမှာ နိုင်တဲ့ဘက်ကိုရပ်တည်တတ်တဲ့ နိုင်ငံတကာဆိုတာကြီးကလည်း ကိုယ့်ဘက်က ပုံအောလောင်းလာမှာပါ။ ဒါ့ကြောင့် NUG အနေနဲ့ တော်လှန်ရေးကိုသာ အာရုံစိုက်သင့်ပါတယ်။
နောက်တစ်ချက်ကတော့ NUG ဝန်ကြီးတွေရဲ့ နှုတ်မစောင့်တဲ့ကိစ္စတွေပါ။ ဒေါက်တာဇော်ဝေစိုးတို့လို ဝန်ကြီးနေရာယူထားသူတွေဟာ စကားကို လက်လွှတ်စပယ်ပြောဆိုတာမျိုး၊ ပြည်သူကို လက်တွေ့နဲ့ကင်းကွာတာမျိုးတွေ ပြောနေတာဟာ အကျိုးအပြစ်ချိန်ဆသင့်ပါတယ်။ လေလှိုင်းပေါ်က အစိုးရဆိုတာမျိုး NUG ကို မဖြစ်စေချင်ပါ။
ဒေါက်တာဇော်ဝေစိုးလို့ တာဝန်ကြီးကြီးယူထားရတဲ့ ဝန်ကြီးတစ်ပါးအနေနဲ့ ပြည်ပကိုထွက်နေရတယ်ဆိုတာ နားလည်နိုင်ပေမယ့် ပြည်သူတွေက စစ်ဖိနပ်အောက်က ပြည်တွင်းမှာ နေနေရတာပါ။ ပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေရ၊ ရွာကနေထွက်ပြေးနေရ၊ မြို့ပေါ်မှာနေတယ်ဆိုရာမှာလည်း မလုံခြုံမှုများစွာနဲ့ စစ်ဖိနပ်အောက်မှာ နေနေကြရချိန် လက်တွေ့နဲ့ကင်းကွာတဲ့ စကားတွေကိုကြားရတာဟာ စစ်ဖိနပ်အောက်က ပြည်သူတွေကို စော်ကားရာများ ရောက်၊မရောက်ဆိုတာ တွေးချင့်ချိန်သင့်ပါတယ်။
တကယ်တမ်းပြောရရင် NUG ဟာ တော်လှန်ရေးအစိုးရဆိုတာထက် NGO အစိုးရပိုဆန်တယ်လို့များပြောရင် ကိုယ်ပေါင်ကိုယ်လှန်ထောင်းတာ လက်ဆပြင်းသွားမလားလည်း စိုးရိမ်မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပွဲတွေ၊ အခမ်းအနားတွေ၊ တွေ့ဆုံပွဲတွေတက် ၊အလုပ်လုပ်နေကြောင်းလူလုံးပြ ဓာတ်ပုံရိုက် ကြေညာချက်ထုတ်ပြီး တော်လှန်ရေးကြီးကို တကယ်တမ်းအာရုံမစိုက်နိုင်ဘူးလို့ ယူဆလို့ဖြစ်ပါတယ်။
ဒါ့ကြောင့် တော်လှန်ရေးအစိုးရပီသဖို့ တော်လှန်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်တာကိုပဲ အာရုံစိုက်ဖို့လိုပါတယ်။
(၂)စည်းနှောင်အားတည်ဆောက်ဖို့
ဒါက ရှင်းပါတယ်။ လူငယ် GenZ တွေအများအပြား တောထဲရောက်ကုန်တယ်။ နီးစပ်ရာ လက်နက်ကိုင် အဖွဲ့တွေထဲ ရောက်ကုန်တယ်။ ဒီလိုမှာမှ တချို့လက်နက်ကိုင်အဖွဲ့တွေက NUG ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး။ တချို့ကရှိတယ်။ ဒီလိုတကွဲတပြားဖြစ်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို တတ်နိုင်သမျှ စုစည်းဖို့လိုပါတယ်။
ဒီလိုမဟုတ်ရင် နိုင်ငံအတွက်အသက်ပေးဖို့ တောထဲရောက်လာတဲ့ လူငယ်တွေရဲ့အသက်ဟာ ဂိုဏ်းဂဏအုပ်စုအကွဲအပြဲတွေကြားထဲမှာ စတေးခံဘဝဖြစ်သွားပါလိမ့်မယ်။ ဒါဆို တော်လှန်ရေးအတွက် ကြီးစွာသော ဆုံးရှုံးမှုဖြစ်ပါတယ်။ ဒါ့အပြင်လည်း အဖွဲ့ဖွဲ့သော အုပ်စုတွေနဲ့ စစ်အုပ်စုကို ကြုံသလိုတိုက်ခိုက်နေမယ့်အစား စုစည်းနိုင်သမျှ အားလုံးကိုစုစည်းပြီး မဟာဗျူဟာနည်းကျ တိုက်ပွဲဖော်ဆောင်ရမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စည်းရုံးဖို့ပါ။ တော်လှန်ရေးအဖွဲ့အသီးသီးဟာ ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်ကိုမက်ရင်း ကိုယ်ကျိုးစီးပွားအာဂျင်ဒါအသီးသီးနဲ့ ရှိနှင့်ခဲ့တာပါ။ NUG ထက်လည်း တော်လှန်ရေးသမ္ဘာရင့်ကြသူတွေလည်းဖြစ်ပါတယ်။
ဒါပေမယ့် စည်းရုံးဖို့လိုပါတယ်။ ညှိနှိုင်းလို့မရနိုင်တဲ့ ထိုင်ခုံကိစ္စနဲ့ အကျိုးစီးပွားကိစ္စတွေကို အသာထားပြီး စစ်အာဏာရှင်အဆုံးသတ်ဖို့ကိုပဲ ဦးတည်ဆွေးနွေးသင့်ပါတယ်။ စည်းရုံးတဲ့အခါမှာလည်း ‘အားလုံးလာကြ။ NUG အောက်ကိုဝင်ပြီး စစ်အာဏာရှင်ကို ကျုပ်တို့အတူ တော်လှန်ကြမယ်’ဆိုတာမျိုး လုပ်လို့မရပါဘူး။
တချို့ကိုတော့ မဟာမိတ်၊ တချို့ကိုတော့ NUG တပ်ရင်းတပ်ဖွဲ့အနေနဲ့စုစည်းရမှာပါ။ မူအားဖြင့်တော့ တန်းတူညီမျှမှုရှိရမယ်ဆိုတဲ့မူကို စွဲကိုင်ရမှာပါ။
ဒီလိုမျိုးမြေပြင်တော်လှန်ရေးအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စည်းနှောင်အားတည်ဆောက်နိုင်မှသာ တော်လှန်ရေးဟာ အခုထက်ပိုပြီး ခရီးပေါက်လာမှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း EAOs တွေကို စစ်ခေါင်းဆောင်က နေပြည်တော်ခေါ်ပြီး နှစ်သိမ့်စည်းရုံးနေတာကိုကြည့်ရင် NUG ကိုသင်းကွဲအဖြစ် ဖန်တီးပြီး အပြတ်ရှင်းဖို့ကြံစည်နေတာဖြစ်လို့ ဒီကိစ္စကိုအလေးအနက်ထားသင့်နေပါပြီ။
(၃) မြေပြင်အခြေအနေကို အာရုံစိုက်ဖို့
NUG ဟာ မြေပြင်အခြေအနေကို အခုထက်ပိုအာရုံစိုက်ဖို့လိုပါတယ်။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ NUG ဟာ Reality Government မဟုတ်ဘဲတော်လှန်ရေးအစိုးရပါ။ ဒါ့ကြောင့် တော်လှန်ရေးအောင်မြင်ဖို့ဟာ မြေပြင်က တကယ်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးလူငယ်တွေရဲ့ စွမ်းအားအပေါ် မူတည်နေပါတယ်။
ပြည်သူ့ဘဏ္ဍာငွေနဲ့နှစ်ပေါင်းများစွာ လက်နက်ဖြည့်တင်းတည်ဆောက်ထားတဲ့ အင်စတီကျူးရှင်းကြီးတစ်ခုကို ဖြိုဖျက်ဖို့ လူငယ်တော်လှန်ရေးသမားတွေက ကြိုးစားနေကြတာဖြစ်လို့ ဝါးရင်းတုတ်နဲ့ တိုက်လို့မရပါဘူး။ တော်လှန်ရေးလူငယ်တွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှသာ တော်လှန်ရေးဟာ ခြေတစ်လှမ်းနီးမှာပါ။
လက်နက်ကို လက်နက်နဲ့တုံ့ပြန်မှရမယ့် စစ်အုပ်စုကို တကယ်ပဲတော်လှန်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင် NUG ဟာ မြေပြင်အခြေအနေကို အာရုံစိုက်ရမှာပါ။ အဓိကကျပြီး လိုအပ်တဲ့လက်နက်နဲ့စားနပ်ရိက္ခာကို ဘယ်လို့ဖြည့်ဆည်းပေးမလဲဆိုတာကိုပဲ အဓိကထားပြီး စဉ်းစားရမှာပါ။
(၄) တော်လှန်ရေးသည် ခရီးရှည် သို့သော် အဆုံးသတ်ရှိသည်
တော်လှန်ရေးဆိုတာ ခရီးရှည်တစ်ခုဆိုတာ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ဒဏ်ကိုခံခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ နားလည်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် တော်လှန်ရေးသည် ခရီးရှည်ဖြစ်ပေမယ့် အဆုံးမသတ်တဲ့ ခရီးရှည်မဟုတ်ဘူးဆိုတာ နှလုံးသွင်းဖို့လိုပါတယ်။
ဒီကနေ့ NUG ဟာ လွတ်လပ်ရေးတိုက်ပွဲနောက်ပိုင်း ဖြစ်ခဲ့သမျှ ဘယ်လက်နက်ကိုင်တော်လှန်မှုထက်မဆို ပြည်သူ့ထောက်ခံမှုရထားတာဖြစ်ပါတယ်။ ဘယ်အချိန်ကမှ ဒီလောက်များပြားတဲ့ ပြည်သူ့ထောက်ခံမှုကို မရခဲ့ပါဘူး။ ဒီအားသာချက်ကို သုံးဖို့လိုပါတယ်။ သုံးတတ်ဖို့လည်း လိုပါတယ်။
NUG ရဲ့ဦးဆောင်မှုကို မေးခွန်းထုတ်ရရင်တော့ NUG မှာ ဘယ်သူက မြန်မာပြည်ရဲ့ ချေဂွေဗားရားပါလဲ။ ဘယ်သူက NUG ရဲ့အောင်ဆန်းပါလဲ။ တစ်ဦးချင်းခေါင်းဆောင်မှုမဟုတ်လို့ Collective Leadership အစုအဖွဲ့ခေါင်းဆောင်မှု ဆိုရင်လည်း တကယ်အလုပ်ဖြစ်တဲ့ အစုအဖွဲ့ခေါင်းဆောင်မှုရဲ့ လုပ်ဆောင်ချက်ကို ပြသဖို့လိုနေပါပြီ။
ဒီအတွက် NUG ရဲ့ခေါင်းဆောင်မှုနောက်ကိုလိုက်မယ့် ပြည်သူတွေကလည်း အသင့်ရှိနေတာဖြစ်ပါတယ်။ ဝါရင့်နိုင်ငံရေးသမားကြီးလည်းဖြစ် စာရေးဆရာကြီး သိန်းဖေမြင့်ပြောတဲ့ မြန်မာပြည်လောက် နောက်လိုက်ကောင်းတဲ့ တိုင်းပြည်မတွေ့ဖူးသေးဘူးဆိုတာကိုလည်း အမှတ်ရစေချင်ပါတယ်။
ညိုထွန်း
ဤဆောင်းပါးကို Burma Associated Press မီဒီယာတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
Comments
Post a Comment