၂၀၂၃ စီးပွားရေးပိတ်ဆို့မှုကြား အကြပ်ရိုက်ခဲ့တဲ့ စစ်ကောင်စီ


၂၀၂၃ ခုနှစ်လည်း ကုန်ပါတော့မယ်။ စစ်ကောင်စီ အာဏာသိမ်းထားတာကလည်း ၃ နှစ်ပြည့်ဖို့ လပိုင်းပဲ လိုပါတော့တယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်ကတော့ စစ်ကောင်စီအတွက် ကသောင်းကနင်း စီးပွားရေးနှစ်တစ်ခုကို ဖြတ်ကျော်ခဲ့ရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့်ပါ။ ဒီစီးပွားရေး ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီဟာ ပြည်တွင်းမှာ အတော်ပဲ အကျပ်ရိုက်ခဲ့သလို သူတို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း မေးခွန်းထုတ်စရာ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

 

စစ်ကောင်စီအတွက် ၂၀၂၃ ခုနှစ်မှာ ကြီးကြီးကျယ်ကျယ်ထိခိုက်ခံစားခဲ့ရတဲ့ကိစ္စကတော့ နိုင်ငံပိုင်ဘဏ် ၂ ခု ဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်မှာ ပိတ်ဆို့အရေးယူခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ စတင်အသက်ဝင် တာကတော့ ဩဂုတ်လ ၅ ရက်နေ့ဖြစ်ပါတယ်။


ဒီကိစ္စဟာ အရင်ကတည်းက နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ၊ သံတမန်ရေး အစရှိတဲ့ ဘက်ပေါင်းစုံက ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် မြွေပူရာ ကင်းမှောင့်ဖြစ်ခဲ့ရပါတယ်။


အထူးသဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေရရှိရာ ဝင်ပေါက်ဖြစ်ပါတယ်။ သယံဇာတရောင်းချငွေ၊ ကုန်သွယ်ရေးက ရတဲ့ဝင်ငွေတွေ စတဲ့ နိုင်ငံခြားဝင်ငွေတွေရဲ့ ပျမ်းမျှ ၈၀ ရာခိုင်နှုန်းလောက်က ဒီဘဏ်နှစ်ခုနဲ့ ချိတ်ဆက်လုပ်ကိုင်နေပြီး ရရှိနေတာပါ။ အဲဒီလိုအရေးကြီးတဲ့ နိုင်ငံပိုင် ဘဏ်နှစ်ခုကို အမေရိကန်က စီးပွားရေးပိတ်ဆို့လိုက်တာဖြစ်ပါတယ်။ 


ဒီလိုစီးပွားရေးပိတ်ဆို့တဲ့ သဘောကတော့ အဲဒီဘဏ်နှစ်ခုနဲ့ ချိတ်ဆက်လုပ်ကိုင်တဲ့ ပြည်ပဘဏ်လုပ်ငန်းတွေ အပါအဝင် တခြားလုပ်ငန်းတွေကိုလည်း အမေရိကန်က စီးပွားရေးပိတ်ဆို့မှုစာရင်းထဲ ထည့်မယ်ဆိုတဲ့ သဘောပါ။ ဒါကြောင့် နိုင်ငံပိုင်ဘဏ်နှစ်ခုနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်ကြဖို့ ပြည်ပလုပ်ငန်းတွေနဲ့ ပြည်ပဘဏ်တွေဘက်က စိုးရိမ်လာကြတာဖြစ်ပါတယ်။ 


အဲဒီလိုအခြေအနေမှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက စာမျက်နှာ ၅၆ မျက်နှာရှိတဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂဆီတင်ပြခဲ့ပါတယ်။ အဲဒီမှာ ဖော်ပြထားတဲ့ အဓိကျတဲ့အချက်ကတော့ စင်ကာပူရဲ့ United Overseas Bank (UOB)ဘဏ်အပါအဝင် စင်ကာပူ ဘဏ် ၃ ခုဟာ မြန်မာစစ်ကောင်စီရဲ့ လက်နက်ဝယ်ယူမှုအတွက် ငွေပေးချေမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့အချက်ပါ။


နောက်ဆက်တွဲအနေနဲ့ကတော့ စင်ကာပူအခြေစိုက် United Overseas Bank (UOB) ဘဏ်ကလည်း မြန်မာနိုင်ငံက ဘဏ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုကို စက်တင်ဘာလ ၁ ရက်ကနေ စတင်ပြီး ဖြတ်တောက် လိုက်ပါတယ်။ ဒါ့အပြင် UOB ဘဏ်ဟာ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း MAI ရဲ့ ဘဏ်အကောင့် ၅ ခုကိုပါ ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။


UOB ဘဏ်ဆိုတာကလည်း စင်ကာပူနိုင်ငံရဲ့ အကြီးဆုံးဘဏ်တစ်ခုဖြစ်ပြီး အာရှဒေသတွင်း ဘဏ်တွေထဲမှာလည်း ဦးဆောင်နေတဲ့ ဘဏ်တစ်ခုပါ။ 


အရင်ခေတ်အဆက်ဆက်ကတော့ အမေရိကန်စီးပွားရေးပိတ်ဆို့ရင် စင်ကာပူကနေ တဆင့်ခံပြီး အရောင်းအဝယ်လုပ်၊ ငွေလွှဲငွေပို့လုပ်၊ လက်နက်ဝယ်လည်း စင်ကာပူဘဏ်တွေကနေပဲ ငွေချေခဲ့ရာက အခုလို စင်ကာပူရဲ့ အကြီးဆုံးဘဏ်တွေထဲပါဝင်တဲ့ UOB လိုဘဏ်တွေကပါ မြန်မာဘဏ်တွေနဲ့ အချိတ်အဆက် မလုပ်တော့တဲ့အခါ စစ်ကောင်စီအတွက် ဒေါ်လာငွေရဖို့ဟာ အတော်လေးကို ခက်ခဲလာခဲ့တာဖြစ်ပါတယ်။


စစ်ကောင်စီအတွက် ဘယ်လောက်အထိ ခက်ခဲလဲဆိုရင် မြန်မာဝမ်ပေါင်လို့သိကြတဲ့ စစ်ကိုင်းတိုင်းမှာ ကြေနီးတူးဖော်နေတဲ့ကုမ္ပဏီရဲ့ဖြစ်ရပ်က သက်သေပါ။ 


၂၀၂၃ ခုနှစ် ဒီဇင်ဘာလတတိယပတ်လောက်မှာပဲ မြန်မာဝမ်ပေါင်မိုင်းနင်း ကော့ပါးလီမိတက်နဲ့ မြန်မာယန်စီ ကော့ပါးလီမိတက်တို့ဟာ အမေရိကန်စီးပွားရေးပိတ်ဆို့မှုကြောင့် သူတို့ကုမ္ပဏီနာမည်အမှန်တွေနဲ့ ဆက်လက် လည်ပတ်ဖို့ အခက်တွေ့ခဲ့ရပါတယ်။ ဒီကုမ္ပဏီတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမှာ စစ်တပ်လက် အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့နဲ့ အကျိုးတူလုပ်ကိုင်နေခဲ့တဲ့ ကုမ္ပဏီတွေပါ။  အမေရိကန်စီးပွားရေးပိတ်ဆို့မှုခံလိုက်ရပြီးတဲ့နောက် အဲဒီကုမ္ပဏီနှစ်ခုဟာ ပုံမှန်အတိုင်း ဆက်လက် ရပ်တည်လုပ်ကိုင်ဖို့မဖြစ်နိုင်တဲ့အတွက်  AC POLARIS TRADING ဆိုတဲ့ နာမည်နဲ့ ကြားခံကုမ္ပဏီ (Proxy Company) တစ်ခုထူထောင်ဖို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဆီ ဒီဇင်ဘာလ ၁၅ ရက် နေ့စွဲတပ်ပြီး အကူအညီတောင်းခံခဲ့ကြတာဖြစ်ပါတယ်။


ဒါကြောင့်လည်း စစ်ကောင်စီကိုယ်တိုင်က သူတို့ရဲ့ အခက်အခဲကို ဩဂုတ်လ ၂၂ ရက်၊ နေပြည်တော်သ တင်းစာရှင်းလင်းပွဲမှာ အခုလို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။


“MFTB ဘဏ်က အစိုးရနဲ့ ပုဂ္ဂလိက နိုင်ငံ ခြားငွေလုပ်ငန်းများကို ဆောင်ရွက်ပေးနေတဲ့ဘဏ်ဖြစ်ပြီးတော့ MICB ပုဂ္ဂလိကများရဲ့ နိုင်ငံခြားငွေများကို ဆောင်ရွက်ပေးနေတဲ့ဘဏ်ဖြစ်ပါတယ်။ ၎င်းတို့ကို ပိတ်ဆို့ ခြင်းအားဖြင့် နိုင်ငံတော်နဲ့ပြည်သူများအတွက်ဆောင်ရွက်ပေးလျက်ရှိတဲ့ ပညာရေး၊ ကျန်းမာရေး ၊အခြေခံအဆောက်အအုံ တည်ဆောက်ရေး ကိစ္စရပ်များအပါအဝင် နိုင်ငံခြားငွေရရှိမှု၊ သုံးစွဲမှုများကို သက် ရောက်စေတဲ့အပြင် ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်များ၊ နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှု ရယူသူ၊ ဌာန၊ အဖွဲ့ အစည်းများကိုလည်းပဲ ထိခိုက်စေပါတယ်”ဆိုပြီး စစ်ကောင်စီရဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့တာပါ။ 


ဒါ့အပြင် “အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံပိုင် ဘဏ် ၂ ခုအပေါ် ယခုလို ထုတ်ပြန်ခဲ့တာဟာ တစ်ဖက်သတ်ပိတ်ဆို့မှုဖြစ်ပါတယ်။ ပိတ်ဆို့တဲ့အကြောင်းအရင်းကလည်း ခိုင်မာမှုမရှိပါဘူး”ဆိုပြီးလည်း စီးပွားရေးပိတ်ဆို့မှုဟာ အကြောင်းအရင်းမခိုင်လုံဘူးလို့လည်း သူက ပြောလိုက်ပါသေးတယ်။


စစ်ကောင်စီအနေနဲ့လည်း စီးပွားရေးပိတ်ဆို့မှုကို လက်ပိုက်ကြည့်နေတာတော့ မဟုတ်ပါဘူး။ ပြင်ဆင်နိုင်သမျှတွေကို ပြင်ဆင်နေခဲ့တာပါ။ တကယ်တမ်းပြောရရင် စစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်၊ အာဏာသိမ်းခေါင်းဆောင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဒေါ်လာအကျပ်အတည်းကနေ ရုန်းထွက်ဖို့ ၂၀၂၂ ကတည်းက လူလုံးပြပြီး ကြိုးစားနေခဲ့တာပါ။ 


၂၀၂၃ ခုနှစ် ရောက်တဲ့အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံကြီးတွေဟာ ဒေါ်လာကိုကစားပြီး နိုင်ငံငယ်တွေကို လိုသလိုချယ်လှယ်နေတယ်ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


ဒီလိုပဲ ၂၀၂၃ ခုနှစ် ရုရှားမှာကျင်းပတဲ့ စီးပွားရေးဖိုရမ်မှာလည်း မြန်မာဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဘရာဇီး၊ အိန္ဒိယနဲ့ တောင်အာဖရိကတို့ပါဝင်ပြီး တရုတ်နဲ့ ရုရှားတို့ဦးဆောင်တဲ့ BRICS ဆိုတဲ့အဖွဲ့က တည်ထောင်ထားတဲ့ NDB ဘဏ်မှာ အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ စဉ်းစားနေတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ NDB က စီစဉ်နေတဲ့ နိုင်ငံတကာကုန်သွယ်ရေးမှာ ဒေါ်လာအစား တခြားငွေကြေးအသုံးပြုဖို့ကိုလည်း သူက ထောက်ခံခဲ့တာပါ။ ဒီအချက်တွေကိုကြည့်ရင် စီးပွားရေးပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီအနေနဲ့ ဘယ်လောက်အကျပ်ရိုက်လဲဆိုတာ သိသာနေပါတယ်။ 


ဒါကြောင့်လည်း နိုင်ငံပိုင်ဘဏ်နှစ်ခုကို စီးပွားရေးပိတ်ဆို့ခံလိုက်ရပြီးတဲ့နောက်မှာ စစ်ကောင်စီအနေနဲ့ တရုတ်နဲ့ အိန္ဒိယဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့တာကို တွေ့ရပါတယ်။ 


ဩဂုတ်နောက်ဆုံးပတ်လောက်ကစပြီး လုပ်ငန်းရှင်တွေအတွက် ဗဟိုဘဏ်ရဲ့အရန်ငွေ ဒေါ်လာတွေကို ရောင်းချပေးပြီး ကုစားဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ဒီနည်းနဲ့ ဈေးကွက်ထဲ ဒေါ်လာတွေ ထည့်ပြီးတတ်နိုင်သမျှ ကုစားဖို့ စစ်ကောင်စီက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 


ဒီလိုပဲ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်းတဲ့ အမိန့်ကြေညာစာအမှတ် ၇/၂၀၁၄ ကို အသုံးပြုပြီး လူထုလက်ထဲ ဒေါ်လာတွေ မကိုင်ထားနိုင်အောင် ဖိအားပေးတာကိုလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။


၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်က ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြော်ငြာစာ အမှတ် ၇/၂၀၁၄ မှာတော့ လိုင်စင်မရှိရင် ဒေါ်လာတစ်သောင်း ဒါမှမဟုတ် အဲဒါနဲ့ညီမျှတဲ့ ငွေထက်မပိုတဲ့ နိုင်ငံခြားငွေကို ခြောက်လအတွင်းပဲ ကိုင်ဆောင်ခွင့်ရှိပြီး ပြီးရင်တော့ ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းနဲ့ ဘဏ်တွေကို အပ်ရမယ်ဆိုပြီး ဖော်ပြထားပါတယ်။ 


အဲဒီအချက်ကို ရည်ညွှန်းပြီး ဖိအားပေးတဲ့အမိန့်ကို အခုနှစ် ဩဂုတ်လ ၂၀ ရက်မှာ ဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။  ဒီနည်းနဲ့ လူတွေလက်ထဲ ဒေါ်လာမကိုင်ထားရဲအောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆယ်ဂဏန်းနဲ့ချီတဲ့ လိုင်စင်ရ ငွေလဲလုပ်ငန်းတွေကိုလည်း ပိတ်ပစ်ခဲ့ပါသေးတယ်။


စစ်ကောင်စီက စက်သုံးဆီလုပ်ငန်းရှင်တွေကို ဒေါ်လာရောင်းပေးတာကိုလည်း အမေရိကန်စီးပွားရေး ပိတ်ဆို့မှုနောက်ပိုင်းမှာ ရပ်ဆိုင်းလိုက်ပါတယ်။ နိုင်ငံပိုင် ဘဏ် ၂ ခုကို စီးပွားရေးပိတ်ဆို့လိုက်တဲ့အခါ အမေရိကန်ဒေါ်လာ လိုအပ်ချက်က ကြီးထွားလာလို့ဖြစ်ပါတယ်။ 


မြန်မာနိုင်ငံဟာ တစ်နှစ်ကို စက်သုံးဆီအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကနေ သန်း ၂၀၀၀ အထိ ဝယ်ယူဖြည့်တင်း နေရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဈေးကွက်အတွင်းမှာ ဒေါ်လာလိုအပ်ချက်က ကြီးသထက် ကြီးလာခဲ့ပါတယ်။


ဒီအခြေအနေကို ကျားကန်ဖို့ ဒေါ်လာအပြင် ယွမ်နဲ့ဘတ်ကို ကုန်သွယ်ရေးမှာ စစ်ကောင်စီ တရားဝင်သုံးခွင့်ပြုလိုက်ပါတယ်။


ဒီလိုတွေကြိုးပမ်းပေမဲ့လည်း အာဏာသိမ်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒေသခံတွေအပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေလို စစ်ကောင်စီရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အမေရိကန်စီးပွားရေးပိတ်ဆို့မှုကို ဟန့်တားနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ဒီလိုမအောင်မြင်ကြောင်း ထင်သာနေတာကတော့ လမ်းပေါ်မှာ နေ့စဉ်ကြိတ်ကြိတ်တိုးပြီး စက်သုံးဆီရဖို့ တန်းဆီနေရတဲ့ မော်တော်ယာဉ်တွေပဲဖြစ်ပါတယ်။ နောက်တစ်ချက်သက်သေခံနေတာက စစ်ကောင်စီရဲ့ စီးပွားရေးတာဝန်ခံ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုယ်တိုင် အရေးယူခံလိုက်ရတာပါပဲ။


ဒါကြောင့် လက်နက်တွေဝယ်ဖို့၊ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက စီးပွားရေးမှာ သွင်းကုန်တင်သွင်းဖို့၊ လောင်စာဆီ တင်သွင်းဖို့အတွက် ဒေါ်လာကတော့ လိုအပ်ချက်ကြီးကြီးမားဆက်ရှိနေတာဖြစ်ပါတယ်။


ဒါဖြင့် မေးစရာတစ်ခုတည်းပဲရှိပါတယ်။ စစ်ကောင်စီပဲ ထိခိုက်တာလား၊ ပြည်သူတွေရော မထိခိုက်ဘူးလားဆိုတဲ့ မေးခွန်းပါ။ ဟုတ်ပါတယ်။ ပြည်သူတွေလည်း ထိခိုက်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာတွေရှား၊ ဒေါ်လာတွေရှားတော့ စက်သုံးဆီတွေဈေးတက်၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေတက် ကုန်ပစ္စည်းတွေလည်းဈေးတက်၊ ပြီးတော့ သွင်းကုန်တွေလည်း ဈေးတက်ကုန်ပါတယ်။ ဒါကို ပြည်သူတွေက နေ့စဉ်ခံစားနေရပါတယ်။ ဒါပေမယ့် နိုင်ငံခြားဝင်ငွေတွေရပြီး  စစ်ကောင်စီသာ သူ့ခြေ၊သူ့လက်နဲ့ အုပ်ချုပ်ရေးယန္တရားကို ပီပီပြင်ပြင်လည်ပတ်နိုင်ရင် ကျေးလက်နဲ့အညာမှာ စစ်ကောင်စီလေယာဉ်တွေကြောင့် မကြာခင် ပျောက်ကွယ်သွားပါလိမ့်မယ်။ 


အခုတော့ လေယာဉ်နဲ့တစ်ခေါက်ပစ်ဖို့ ဒေါ်လာနှစ်သိန်းလောက်ကုန်ကျတာမို့ စီးပွားရေးပိတ်ဆို့မှုဟာ ပြည်သူကိုထိခိုက်သလို စစ်ကောင်စီကိုအတွက်လည်း ဖြေရှင်းမရရသေးဘဲ ခေါင်းခဲတဲ့ပုစ္ဆာအဖြစ် ၂၀၂၄ အထိ ဆက်လက်ရှိနေဦးမှာဖြစ်ပါတော့တယ်။ 

                                                                                                                    ညိုထွန်း

 


 


 


 


Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

အာဏာရှင်အကျိုးစီးပွားအတွက် အသုံးချခံဖြစ်နေရတဲ့ ဗုဒ္ဓဘာသာ - ညိုထွန်း

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း