ဘယ်ခြောက်ကာ ညာလှမ်းသည့် စစ်ခေါင်းဆောင် ဆင်ကြံ - ညိုထွန်း
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိပဋိပက္ခများအတွက် ဆွေးနွေးအဖြေရှာရန် လမ်းစကို ဖွင့်လိုက်လေသည်။
EAOs များနှင့် တွေ့ဆုံမည်။ ဆွေးနွေးမည်။ တစ်ဖွဲ့လျှင် ခေါင်းဆောင်အပါ သုံးယောက် တက်လိုသူများ မေလ ၂၉ ရက် နောက်ဆုံး စာရင်းပေးကြပါဟု ဆိုသည်။တက်ရောက်သူများနှင့် သူကိုယ်တိုင် ဆွေးနွေးမည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။
အခြားသောအဖွဲ့များထံမှ မှတ်ချက်များမကြားရသေးမီ KNU ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတာနီးထံမှ စကားသံတစ်ခု မီဒီယာထက်သို့ရောက်လာသည်။ အကျဥ်းချုပ်လျှင် သူက အချက်လေးချက်ကို အဓိကထားပြောသည်။
ဤဆောင်းပါးတွင် အပိုင်းနှစ်ပိုင်းခွဲ၍ စာဖတ်သူများထံ တင်ပြမည်ဖြစ်ပြီး တစ်ပိုင်းမှာ ဘယ်ခြောက်ကာ ညာလှမ်းသည့် စစ်ခေါင်းဆောင်အကြံဖြစ်သည်။ နောက်တစ်ပိုင်းမှာ ဖဒိုစောတာနီး၏ တောင်းဆိုချက်များကို သုံးသပ်ကြည့်ခြင်းဖြစ်သည်။
ဦးစွာ ဖဒိုစောတာနီးပြောသည့်အချက်လေးချက်ကို တစ်ချက်စီ စေငုကြည့်ပါမည်။
(၁) စစ်တပ်သည် နိုင်ငံရေးမှ ဆုတ်ခွာရန်။
ဤကိစ္စသည် မြန်မာနိုင်ငံရေးသမားများ အမြဲတောင်းဆိုနေသည့်အချက်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် BIA, BDA တပ်မတော် (ဤနေရာတွင် တပ်မတော်သုံးပြီး စစ်ခေါင်ဆောင်းတို့၏ လက်အောက်ခံတပ်ကိုမူ စစ်တပ်ဟု သုံးပါမည်)သည် ပြည်သူထောက်ခံမှုဖြင့် လွတ်လပ်ရေးရယူခဲ့သည်။ ထိုနောက် လွတ်လပ်ရေးရပြီး နိုင်ငံရေးသမားများ၏ အကွဲအပြဲမှတဆင့် ပြည်တွင်းစစ် စတင်သည်။ ပြည်တွင်းစစ်ကို တပ်မတော်ကရှင်းရသည်။ ထိုမှသည် စစ်တပ်၏ မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမှာ ကြီးထွားလာသည်။ စစ်ဘောင်ကျယ်၍ စစ်တပ်၏အခန်းကဏ္ဍကြီးလာရာမှ စစ်တပ်သည် နိုင်ငံရေးမှ မထွက်တော့။ နောက်ပိုင်းတွင် စစ်အာဏာရှင်များပေါ်ပေါက်လာရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်အထိဖြစ်သည်။
အခြေခံဥပဒေတွင်လည်း စစ်တပ်၏ အခန်းကဏ္ဍ အများအပြားပါဝင်သည်။ အခြေခံဥပဒေအရ စစ်တပ်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ယူထားသည်။ တပ်ချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲဖြစ်သည်။ ပြည်ထဲရေး ကာကွယ်ရေး နယ်လုံ ဝန်ကြီးများကိုခန့်အပ်ရာတွင် တပ်ချုပ်၏ သဘောထားကို ရယူရပြန်သည်။ ဒုတိယသမ္မတ သုံးယောက်အနက် တစ်ယောက်သည် စစ်တပ်ဖက်က တင်သွင်းသူဖြစ်သည်။ ထိုအချက်များကိုပြင်ရန် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုရဖို့လိုသည်။ ထိုနောက် ပြည်သူ့ဆန္ဒခံယူပွဲလုပ်ရန်လိုသည်။ ထိုမျှခက်သည်။
အနှစ်ချုပ်သောအခါ လွတ်လပ်ရေးမတိုင်မီနှင့် လွတ်လပ်ရေးခေတ်ဦးကာလတွင် တပ်မတော်သည် Problem Solver (ပြသာနာကို ဖြေရှင်းသူ)ဖြစ်သည်။ နောက်ပိုင်းတွင်မူ သူကိုယ်တိုင်က Problem (ပြသာနာ)ဖြစ်သည်။ နိုင်ငံက စစ်တပ်ကိစ္စကို ဖြေရှင်းနေရသည်။ ထို့ကြောင့် နိုင်ငံရေးနယ်ပယ်မှ စစ်တပ်ကို ဖယ်ထုတ်လိုကြခြင်းဖြစ်သည်။
ဆိုခဲ့ပါအချက်များကို ထောက်ရှုလျှင် ဖဒိုစောတာနီး၏ တောင်းဆိုချက်ကို ကြိုဆိုအပ်ပေသည်။
(၂) အသွင်ကူးပြောင်းမှုကြားကာလ တရားမျှတမှုဖော်ဆောင်ရေး
ဒီကိစ္စကို ငြိမ်းရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးကြသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲဆက်လက်ဆွေးနွေးရန် အဟန့်အတားဖြစ်စေသည်ဟူသော ပြောဆိုချက်မျိုးဖြင့် စစ်တပ်ဘက်က ပယ်ချခဲ့သည်ချည်းဖြစ်သည်။
ပြည်သူများခံစားရသည့်နစ်နာမှုများအတွက် တရားမျှတမှုဖော်ဆောင်ရေးမှာ အရေးကြီးကြောင်း ပြောစရာပင်မလို။ မြန်မာ့သမိုင်းတွင် စစ်ခေါင်းဆောင်များသည် ပြည်သူအပေါ်ကျူးလွန်ခဲ့သည့် လုပ်ရပ်များအတွက် တရားမျှတမှုပြန်မပေး။ တောင်းပန်ရကောင်းမှန်းလည်းမသိ။ ထို့ကြောင့်လည်း ၂၀၀၈ ခြေဥတွင် နောက်ကြောင်းပြန် အရေးမယူရသည်ဆိုသည်ကို တခမ်းတနားဖော်ပြထားသည်ကို တွေ့ရပေမည်။ ဤအချက်သည် စစ်ခေါင်းဆောင်များ၏ ထွက်ပေါက်လည်းဖြစ်သည်။
ကြားကာလတရားမျှတမှုဆိုင်ရာ ဖော်ဆောင်ရေးမရှိခဲ့ပါလျှင် ရင်ကြားစေ့ရေးမှာ ဝေးလျှက်ရှိသည်။ နှစ်ဖက်ယုံကြည်မှုမရနိုင်။ ယုံကြည်မှုမရလျှင် ငြိမ်းချမ်းရေးမရ။ အသွင်ကူးပြောင်းမှုဆိုင်ရာ ကြားကာလတရားမျှတမှုဖော်ဆောင်ရေးအတွက် စစ်ခေါင်းဆောင်များ ၄င်းတို့လုပ်ရပ်အတွက် တာဝန်ခံရဲဖို့တော့ လိုပေမည်။
ဖဒိုစောတာနီးက ဤအချက်ကိုတောင်းဆိုသည်။
(၃) ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်မည်ဟု တရားဝင်ကြေညာပေးရေး နှင့်
(၄) ငြိမ်ချမ်းရေးဖြစ်စဥ်တွင် နိုင်ငံတကာပါဝင်စောင့်ကြည့်ရေး။
ဤနှစ်ချက်မှာလည်း အရေးကြီးသော်လည်း အသစ်မဟုတ်သော တောင်းဆိုချက်များဖြစ်သည်။ အသစ်မဟုတ်လျှင့် အဘယ့်ကြောင့်တောင်းဆိုသနည်းဟု ဆိုငြားအံ။ မရသေး၍တောင်းသည်။ မယုံကြည်၍ တောင်းသည်။ ယခင့်ယခင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အကြိမ်ကြိမ်ကတိဖောက်ဖျက်ခံရသောကြောင့် တောင်းသည်ဟုသာ ဆိုရပေမည်။
ဖဒိုစောတာနီး၏ တောင်းဆိုချက်များကိုကြည့်လျှင် နိုင်ငံနှင့်ပြည်သူအတွက်လိုအပ်ချက်များဖြစ်ရာ မှတ်တမ်းတင်ထိုက်ပေသည်။
သို့သော်
တောင်းဆိုချက်များကို ရပါမည်လော။ စစ်ခေါင်းဆောင်၏ အကြံ အဘယ်နည်းဆိုသည်ကို တွက်ချက်ရန်လိုသည်။
အဖြေမှာကား ဖဒိုစောတာနီး၏ တောင်းဆိုချက်များသည် စစ်ခေါင်းဆောင်များ အာဏာလက်လွှတ်ရမည့်တောင်းဆိုချက်ဖြစ်ရာ ရမည်မဟုတ်။ စစ်တပ်ကို နိုင်ငံရေးမှဖယ်ထုတ်ခြင်းဖြစ်ရာ လတ်တလောတွင်တော့ မရ။
ထို့ကြောင့်လည်း စစ်ခေါင်းဆောင်က ကစားပွဲတစ်ခု ဖန်တီးခဲ့ခြင်းဖြစ်သည်။
တစ်ဖက်တွင် စစ်တပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မျိုးစုံ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများဖြစ်လျှက်ရှိပြီး အထိနာလျှက်ရှိသည်။ မကြာမီကပင် NUG ကြေညာချက်တွင် နယ်မြေ ၅၀ ရာခိုင်နှုန်းစိုးမိုးထားနိုင်သည်ဟုဆိုလေသည်။ ထိုမျှပမာဏမဖြစ်နိုင်သော်လည်း အတိုင်းအတာတစ်ရပ်အထိ စိုးမိုးထားနိုင်သည်ကား အမှန်ပင်ဖြစ်သည်။
ပြည်သူများကလည်း အာဏာရှင်စနစ်ကိုရွံမုန်းသောကြောင့် အင်တိုက်အားတိုက် ထောက်ပံနေသေးသည်။ ထို့ကြောင့် ပြီးပြည့်စုံသည်မဟုတ်သော်လည်း လက်နက်အချို့ကိုပင် ကိုယ်တိုင်ထုတ်လာနိုင်လေသည်။ ထို့ကြောင့်လည်း မြေပြင်တိုက်ပွဲများတွင် စစ်တပ်သည်အထိနာလျှက်ရှိသည်။
နောက်တစ်ချက်မှာ မကြာမီမိုးကျတော့မည်ဖြစ်ရာ လေတပ်သည် ထင်တိုင်းမပေါက်။ လေတပ်မပါလျှင် စစ်ခေါင်းဆောင်၏ ခြေလျှင်ခြေမြန်တပ်မများသည် စက္ကူကျားဖြစ်သည်။
စစ်တပ်တွင် နာမည်ကျော်ကွန်မြူနစ်များ KNU တို့နှင့် သူသေကိုယ်သေတိုက်ခဲ့ကြသည့် ရန်သူကိုပင်လေးစားရသည့် တပ်မှူးကြီးများမရှိတော့။ နောက်ပိုင်း စစ်တပ်သည် အဆင့်မြင့်လက်နက်များပိုင်ဆိုင်လာသော်လည်း လောက်ကိုင်တိုက်ပွဲ AA နှင့်တိုက်ပွဲများကိုကြည့်လျှင် သူတို့တိုက်ရည်ခိုက်ရည်ကို တွက်ဆနိုင်ပေမည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူငယ်များသည် ယုံကြည်ချက်ကြောင့်တိုက်နေခြင်းဖြစ်ပြီး စစ်တပ်ကမူ စစ်ခေါင်းဆောင်အလိုအရ ဘုမသိဘမသိတိုက်နေရခြင်းဖြစ်ရာ စိတ်ဓာတ်အင်အားကွာခြားသည်။လူထုထောက်ခံမှုကလည်း ကွာခြားသည်။ ထိုသို့ကွာခြားမှုက တိုက်ပွဲတွင် စစ်တပ်အတွက်အထိနာစေသည်။
ထို့ကြောင့် ဆွေးနွေးလက်စ EAOs များ တိုက်ပွဲတွင် မပါလာရေး တစ်နည်းအားဖြင့် KNU,AA,KIA တို့ကတစ်ဖက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတစ်ဖက် စစ်မျက်နှာ နှစ်ဖက်ညှပ်၍ အတိုက်မခံရစေရေး စစ်ခေါင်းဆောင်က ဆွေးနွေးပွဲစကား လေပြေထိုးခြင်းသာဖြစ်သည်။
လေပြေထိုးစကား အောင်မြင်ပါက လက်ရှိတွင်အသစ်ပေါ်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုသာ စစ်တပ်က နောက်ကျောလုံစွာဖြင့် ဖိတိုက်မည်ဖြစ်သည်။ AA ပေါ်စကလည်း တစ်ဖက်တွင် ငြိမ်းချမ်းရေးစကားဆိုကာ AA ကိုဖိတိုက်ခဲ့သည်။ တိုက်၍မနိုင်တော့မှ တူတူတန်တန်ဆက်ဆံသည်ကို ပြန်လည်အမှတ်ရဖို့လိုသည်။
စစ်ခေါင်းဆောင်၏ ဆွေနွေးမှုဖိတ်ခေါ်ချက်ကို တချို့သော EAOs များကတော့ လက်ခံကောင်းလက်ခံပေလိမ့်မည်။ ဥပမာအားဖြင့် မှီတွယ်ရာ ရှာနေသည့် RCSS ၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ PNLO တို့လို အဖွဲ့မျိုးဖြစ်သည်။ အခြားသော အင်အားကြီးအဖွဲ့များဖြစ်သည့် KNU KIA တို့ကမူ ဖြစ်တန်ခြေနည်းပါသည်။
စစ်ခေါင်းဆောင်သည် ကိုယ်ဖဲကိုယ်ချိုးသည့် ၂၀၂၃ ရွေးကောက်ပွဲကိုလည်း ကျင်းပချင်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းစဥ်ကို ဖဝါးထပ်ကာလိုက်ချင်သေးသည်။ထို့ကြောင့် ကြားကာလတွင် EAOs များကို ငြိမ်ချမ်းရေးစကားဖြင့် ချွေးသိပ်ကာ စစ်မျက်နှာမကျယ်အောင် ထိန်းထားလိုရင်းသာဖြစ်သည်။
မည်သို့ပင်ဆိုစေ လက်ရှိအချိန်သည် စစ်တပ်အတွက် စစ်မျက်နှာစုံဖွင့်ထားရသည့်အချိန်ဖြစ်သည်။ အစိုးရအဖြစ် ပြည်တွင်းပြည်ပ အသိအမှတ်ပြုမှုမရှိ။ ပြည်သူများကလည်း မထောက်ခံ။ EAOs များနှင့် တိုက်ပွဲများဖြစ်နေသည်။ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များကလည်း ရွပ်ရွပ်ချွံချွံဖြင့် ခုခံစစ်ကို လုပ်နေကြသည်။ နိုင်ငံကလည်း ချွတ်ခြုံကျနေသည်။ စီးပွားရေးကလည်း ကျဆင်းနေသေးသည်။
ဤသို့ဘက်ပေါင်းစုံဖိအားများအောက်တွင် ငြိမ်းချမ်းရေးဆွေးနွေးမည်ဆိုသည့် စစ်ခေါင်းဆောင်၏ စကားသည် ဘယ်ခြောက်ကာ ညာလှမ်းသည်ထက်မပို။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုင်ငံတည်ဆောက်ရေးအတွက်မဟုတ်ဘဲ နိုင်ငံရေးဗျူဟာတစ်ခုအနေနှင့် သုံးခြင်းသာဖြစ်သည်။ ဘက်ပေါင်းစုံ ဖိအားများအကြား အသက်ဝဝရှူနိုင်ရေး ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဆိုခြင်းသာဖြစ်ကြောင်း မီးမောင်းထိုးလိုက်ရပေသည်။
Comments
Post a Comment