စစ်ခေါင်းဆောင်က အခြေခံဥပဒေကို ပြင်တော့မှာလား - ညိုထွန်း



စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခြေခံဥပဒေကို ပြင်ဆင်တော့မည်လောဟု တစ်စုံတစ်ယောက်က မေးလာအံ့။

“ပြင်ရန် ရာခိုင်နှုန်း ၇၅ ဖြစ်ပါသည်”ဟုဆိုချင်သည်။

ထိုသို့ဖြေရန် အကြောင်းအချက်များရှိသည်။ 

ယခုဆောင်းပါးတွင် အခြေခံဥပဒေနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အခြေခံဥပဒေပြင်ဆင်နည်းနှင့် လူထုတိုက်ပွဲအကြောင်းကို ဖော်ပြသွားမည်ဖြစ်သည်။


အခင်းအကျင်း

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှော်ဘီမြို့ရှိ ညောင်နှစ်ပင်ခန်းမကို သွားရောက်ကကြည့်ရှုသည်။ ညောင်နှစ်ပင်ခန်းမသည် ၂၀၀၈ အခြေခံဥပဒေ သန္ဓေတည်ရာ ဘူမိနက်သန်ဖြစ်သည်။ ထိုနေရာတွင် ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ၁၄ ကြာ အခြေခံဥပဒေကို စိတ်တိုင်းကျရေးဆွဲခဲ့သည်။


ထိုအခြေခံဥပဒေဖြင့်ပင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အေးအေးလူလူအနားယူသွားသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။ ထိုအခြေခံဥပဒေဖြင့်ပင် လွှတ်တော်များပေါ်လာသည်။ ထိုအခြေခံဥပဒေဖြင့်ပင် လွှတ်တော်ထဲတွင် စစ်တပ်က ၂၅ ရာခိုင်နှုန်းဝင်ထိုင်ကြသည်။ ထိုအခြေခံဥပဒေဖြင့်ပင် စစ်တပ်သည် နိုင်ငံရေးတွင် တရားဝင် ဝင်ပါခွင့်ရသွားလေသည်။


စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းစက အခြေခံဥပဒေပြင်ဆင်ရေးကို စဉ်းစားမိဟန်မတူ။ သို့သော်လည်း နောက်ပိုင်းတွင် အခြေခံဥပဒေပြင်ဆင်ရေး ခြေရာလက်ရာများကို တွေ့လာရသည်။


ရပ်နားထားခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုပူးတွဲကော်မတီ (UPDJC)၏ အစည်းအဝေးများကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ပြန်လည်ကျင်းပခဲ့သည်။


UPDJC တွင် အစိုးရ၊ စစ်တပ်နှင့်လွှတ်တော်ဟူသည့် အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် EAOs များအစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့ပါဝင်သည်။


ပထမအစုအဖွဲ့ဖြစ်သည့်  အစိုးရ၊ စစ်တပ်နှင့်လွှတ်တော်ဟူသည့် အစုအဖွဲ့တွင် ယခုအခါ အစိုးရနှင့်လွှတ်တော်မရှိ၊ စစ်တပ်သာရှိတော့သည်။ ထို့ကြောင့် ထူး၍ညှိနှိုင်းစရာမလိုတော့ပေ။


EAOs အစုအဖွဲ့နှင့်မူ နေပြည်တော်ငြိမ်းချမ်းရေးဖိတ်ခေါ်၍ ငြိမ်းချမ်းရေးပြောသကဲ့သို့ အခြေခံဥပဒေပြင်ဆင်ရေးကို ပြောပြန်သည်။


ထိုနောက် နိုင်ငံရေးပါတီများအစုအဖွဲ့တွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီသစ်ပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့လို စစ်တပ်လက်ဝေခံပါတီအများစုပါဝင်သော ပါတီပေါင်း ၅၃ ပါတီနှင့် ဆွေးနွေးမည်ဖြစ်သည်။


UPDJC သည် အခြေခံဥပဒေပြင်ဆင်ရေးအတွက် တစ်လတစ်ကြိမ်ပုံမှန်ဆွေးနွေးလျက်ရှိသည်။


ဘာတွေပြင်မည်


ယခုအခါ နိုင်ငံရေးရပ်ဝန်းမှလာသောသတင်းများအရ အခြေခံဥပဒေပါ အချက် ၉ ချက်ကို ပြင်ဆင်ရန် ဆွေးနွေးနေကြသည်ဟုဆိုသည်။


အဓိကကျသည့် အချက်တချို့မှာ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး၊ နိုင်ငံကို အမည်ပြောင်းရေး၊ မြို့နယ်/ခရိုင်အုပ်ချုပ်ရေးမှူးများကို ရွေးကောက်ပွဲဖြင့် တင်မြှောက်နိုင်ရေးနှင့် နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုအချိုးအစားကို လျှော့ချရေးတို့ဖြစ်သည်။


အဓိကျသည့် ဤလေးချက်တွင် ရာနှုန်းပြည့် ပြင်မည့်အချက်မှာ ပုဒ်မ ၂၆၁ ဖြစ်သည်။ အကြောင်းမှာ NLD လက်ထက်တွင် ဤပုဒ်မကို တိုင်းရင်းသားပါတီများနှင့် စစ်တပ်က ပြင်လိုကြသည်။ NLD က မပြင်ချင်၊ ထို့ကြောင့် အထမမြောက်ခဲ့။


တိုင်းရင်းသားများက ပြင်ဆင်လိုသည်မှာ သက်ဆိုင်ရာပြည်နယ်၊တိုင်းဝန်ကြီးချုပ်ကို သက်ဆိုင်ရာလွှတ်တော်က တင်မြှောက်လိုခြင်းကြောင့်ဖြစ်သည်။ဤသဘောထားကို စိုးစဥ်းမျှကန့်ကွက်ရန်မရှိ။ နားလည်နိုင်သည်။


စစ်တပ်က တင်မြှောက်လိုသည့် အကြောင်းရင်းကမူ သူ့ကိုကျောထောက်ခံပြုထားသည့်ပါတီများနှင့် လွှတ်တော်ထဲက စစ်သား ၂၅ ရာခိုင်နှုန်းပေါင်းပြီး စစ်တပ်အလိုကျ ရုပ်သေးဝန်ကြီးချုပ်တင်မြှောက်လိုခြင်းကြောင့်ဖြစ်သည်။ 


ထိုသို့ဖြစ်သွားပါက စစ်တပ်၏အခန်းကဏ္ဍကိုပြန်ဆင်ခြင်လျှင် ဤသို့တွေ့ရမည်။

- လွှတ်တော်တွင် စစ်သား ၂၅ ရာခိုင်နှုန်းထည့်ထားသည်။ 

- အရေးကြီးသည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊နယ်စပ်ရေး ပြည်ထောင်စုဝန်ကြီးများကို စစ်ခေါင်းဆောင်ကခန့်မည်။ ဒုတိယသမ္မတတစ်ဦးကိုလည်း သူပင်တင်မြှောက်ထားသေးသည်။ အုပ်ချုပ်ရေးယန္တရား၏ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ် ၁၄ ဦးသည် သူ့ကြိုးဆွဲရာ ကပြရမည့် ရုပ်သေးများဖြစ်သည်။


သမ္မတပင် သူ့လောက် လုပ်ပိုင်ခွင့်မရှိသည့် သဘောသက်ရောက်သွားသည်။ တိုင်းရင်းသားပါတီများကမူ ရျုမြင်ချက်ကွဲသည်။ ဖြစ်တန်ခြေတစ်ခုကို ပြပါမယ်။


ရခိုင်ပြည်သူ့ပါတီ ANP အားကောင်းသည့် ရခိုင်ပြည်နယ်တွင် ပုဒ်မ ၂၆၁ ကို ပြင်လိုက်သောအခါ ဝန်ကြီးချုပ်တင်မြှောက်နိုင်မည့် ပုံစံကို မှန်းဆကြည့်လျှင် ယခုကဲ့သို့ တွေ့နိုင်မည်ဖြစ်သည်။


(ANP + မဟာမိတ် = ပြည်နယ်ဝန်ကြီးချုပ်)

(စစ်တပ် ၂၅ ရာခိုင်နှုန်း + ကြံ့ခိုင်ရေးပါတီအပါအဝင်မဟာမိတ် = ပြည်နယ်ဝန်ကြီးချုပ်)

(ANP + စစ်တပ် ၂၅ ရာခိုင်နှုန်း = ပြည်နယ်ဝန်ကြီးချုပ်)

ANP နှင့် စစ်တပ်ပေါင်းလျှင် (နံပါတ် ၃ ပုံစံ)မူ မည်သည့်အစုအဖွဲ့မှ သူတို့နှင့်ယှဉ်၍ ဝန်ကြီးချုပ်တင်မြှောက်နိုင်တော့မည် မဟုတ်ချေ။ 

ရခိုင်မဟုတ်သော တိုင်းရင်းသားပါတီအားမကောင်းသည့်တိုင်းနှင့်ပြည်နယ်များတွင်မူ ဝန်ကြီးချုပ်တင်မြှောက်မည့်ပုံစံမှာ ဤသို့ဖြစ်လာပေမည်။ 


(နံပါတ် ၂ ပုံစံ)

(စစ်တပ် ၂၅ ရာခိုင်နှုန်း + ကြံ့ခိုင်ရေးပါတီအပါအဝင်မဟာမိတ် = ပြည်နယ်ဝန်ကြီးချုပ်)


ဤသဘောတရားကိုကြည့်လျှင် စစ်တပ်သည် ပုဒ်မ ၂၆၁ ကို တိုင်းရင်းသားများ၏ အကျိုးအတွက် ပြင်သည်သို့မဟုတ် သူ့အကျိုးအတွက် ပြင်သည်ကို တွေ့နိုင်မည်ဖြစ်သည်။


နိုင်ငံအမည်ပြောင်းလဲသည့်ကိစ္စမှာမူ ဖြစ်နိုင်ခြေများသည်။ ဤအချက်ကို UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ကတင်ပြခဲ့သည်ဟု သိရသည်။ ပြောင်းလဲမည့်နိုင်ငံအမည်မှာ “ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်”။


လက်ရှိနိုင်ငံအမည်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စိတ်တိုင်းကျမှည့်ခေါ်ထားခြင်းဖြစ်ရာ လောင်းရိပ်မိနေသည်။ ထိုအချက်ကို အာဏာရှင်လက်သစ်ဖြစ်လိုသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ပြောင်းလဲချင်သည်။ 


ထိုသို့ပြောင်းလဲခြင်းဖြင့် ဤနိုင်ငံသည် သူ့ပေးသော အမည်ဖြစ်လာပေမည်။ နိုင်ငံအမည်ကို ကိုယ်ကြိုက်သလိုပေးနိုင်ခြင်းသည် အာဏာရှင်များအတွက် ဂုဏ်ယူစရာပင်မဟုတ်ပါလော။ သို့သော်လည်း အခြေခံဥပဒေပြဌာန်းချက်ကို ကြည့်ဖို့လိုသေးသည်။


နောက်တစ်ချက်ဖြစ်သည့် ခရိုင်နှင့်မြို့နယ်ထွေအုပ်များကို ရွေးကောက်ပွဲမှတဆင့် တင်မြှောက်ရန်မှာလည်း ဖြစ်နိုင်ခြေရှိသည့် အဆိုပြုချက်ဖြစ်သည်။ အကြောင်းမှာ စစ်ခေါင်းဆောင်၏ အကျိုးစီးပွားကို တိုက်ရိုက်မထိခိုက်သောကြောင့်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင် နိုင်ငံ့ဘဏ္ဍာကုန်မည်။ သို့သော် စစ်တပ်က ရွေ့ပြောင်းခန့်အပ်သည့် မိုးကျရွှေကိုယ်များသည်ကား နေရာပျောက်မည့်ကိန်းပင်ဖြစ်သည်။


လုံးဝဖြစ်လာနိုင်စရာမရှိသည့် အချက်မှာ လွှတ်တော်ထဲရောက်နေသည့် စစ်တပ်အချိုးအစားကို လျှော့ချသည့်ကိစ္စဖြစ်သည်။ စစ်တပ်သည် ဤမျှ စိတ်ရင်းမှန်လျှင် နိုင်ငံသည် ဤမျှ ဆင်းရဲမွဲတေမနေပါ။


ထို့ကြောင့် စစ်ခေါင်းဆောင်၏ အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းသည် ပြည်သူများအတွက်ကား မထူးပေ။ အရေးမကြီးတာ၊ ကိုယ်အသာရတာကိုပြင်ပြီး ပြည်သူ့ဆန္ဒ ပုဒ်မ ၄၃၆ လိုကိစ္စမျိုးပြင်ဖို့ကိုကား စစ်ခေါင်းဆောင်က စိတ်ဝင်စားဟန်ပင်မပြပေ။


ဘယ်လိုပြင်မည်


အခြေခံဥပဒေကိုလွှတ်တော်များ မရှိချိန်တွင်ပြင်ဆင်နိုင်မည်လော။ စည်းနှင့်ဘောင်နှင့် ဥပဒေနှင့်အရဆိုလျှင်မူ မရပေ။ သို့သော်လည်း အခြေခံဥပဒေမပြင်မီ ဘယ်အချက်တွေကို ဘယ်လိုပြင်မည်ဆိုသည်ကိုတော့ ကြိုတင်သဘောတူညီနှိုင်း၍ ရပေသည်။


ယခုအခါ စစ်ခေါင်းဆောင်သွားနေသည့် အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းသည် ဤနည်းနှင့်သွားနေခြင်းဖြစ်သည်။


ညောင်နှစ်ပင်ညီလာခံတွင် အခြေခံဥပဒေပါ ပြင်ဆင်လိုသည့်အချက်များကို ဆွေးနွေးကြပေလိမ့်မည်။ ထို့နောက် ကိုယ့်ဆန္ဒကို “ပြည်သူ့ဆန္ဒ”အမည်တပ်၍ ပြင်ဆင်လိုသည့်အချက်များကို ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ့်ဘာသာဝေကာ သဘောတူညီကြမည်။


ထို့နောက်တွင် “မိမိတို့အိမ်စောင့်အစိုးရသည် နိုင်ငံကို ခေတ္တထိန်းထားရသည့် အစိုးရဖြစ်ရာ ယခုအချက်များကို ပြင်ဆင်ရန်အတည်မပြုနိုင်ကြောင်း၊ သို့သော်လည်း ပြည်သူများ ပြင်ဆင်လိုသည့် အချက်များကို အုတ်မြစ်ချပေးခဲ့ပြီး ရွေးကောက်ပွဲက တက်လာသည့်အစိုးရနှင့်လွှတ်တော်များက ဆက်လက်ဖော်ဆောင်ရမည်ဖြစ်ကြောင်း”ဤနည်းဖြင့် လုပ်ဆောင်သွားမည်ဟု မှန်းဆရသည်။


နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင်လည်း ဇွန်လ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မတွေဖြစ်သည့် ၄၃၆ (က) နှင့် ၄၃၆ (ခ) တို့ကို ပြင်ဆင်ရေးကိုပြောသွားပြီး စစ်တပ်နှင့်တိုင်းရင်းသားအဖွဲ့များ အခုသဘောတူထားပါက စစ်တပ်နှင့်သဘောတူထားတာဖြစ်သောကြောင့် နောင်လာမည့်လွှတ်တော်တွင် သဘောမတူစရာမရှိဟု ပြောကြားသွားပေသည်။


ဤသည်မှာ အခြေခံဥပဒေနှင့်ညီသလို ၊ ကိုယ်ပြင်လိုသည့်အချက်လည်း ပါဝင်သွားပြီးဖြစ်၊ အခြေခံဥပဒေကို သူ့လက်ထက်မှာ ပြင်ဆင်နိုင်သည်ဆိုကာ သမိုင်းမှာပြစရာ ကောင်းကွက်လည်းရ ဆိုသည့် သားရွှေအိုးထမ်းသည့်ကိန်းပင်ဖြစ်သည်။


ဤမျှကောင်းမွန်သော အကြံဉာဏ်များကို စစ်ခေါင်းဆောင်ဘယ်ကရသနည်းဆိုသည်မှာ စဉ်းစားဖွယ်ပင်ဖြစ်သည်။ သို့သော်လည်း စစ်ခေါင်းဆောင်နောက်တွင် အခြေခံဥပဒေပြင်ဆင်ရေးကျွမ်းကျင်ပညာရှင် ဆလိုင်းငွန်ကျုံးလျန်ရှိသည်ကိုမူ မမေ့အပ်ပေ။


ဤသို့ဖြင့် ညောင်နှစ်ပင်ညီလာခံ သဘောတူညီချက်များသည် ၂၀၂၃ ရွေးကောက်ပွဲမှ တက်လာသည့်အစိုးရနှင့် လွှတ်တော်ဆီပါသွားမည်။ NLD မပါသလောက်သေချာနေသည့် ၂၀၂၃ ရွေးကောက်ပွဲသည် သူတို့အကြိုက်ပင် ဖြစ်သည်။ ထိုအစိုးရနှင့်ထိုလွှတ်တော်သည် စစ်ခေါင်းဆောင်၏ လက်ဝေခံအစိုးရနှင့် လွှတ်တော်သာဖြစ်သည်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျင်းပပေးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲမှ တက်လာသည့် ဦးသိန်းစိန်အစိုးရနှင့် ယှဉ်ထိုးစဉ်းစားနိုင်သည်။ သို့သော်လည်း ဦးသန်းရွှေသည် ဦးသိန်းစိန်အစိုးရနှင့်လွှတ်တော်အပေါ် မည်သည့်စွက်ဖက်မှုမှ မရှိခဲ့။


အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ကား ထိုသို့မဟုတ်။


လူထုတိုက်ပွဲ


၂၀၀၈ အခြေခံဥပဒေဖြင့် ဖက်ဒရယ်ဒီမိုကရေစီတော့ဖြင့် မရနိုင်။ဤသည်မှာအားလုံးလက်ခံထားသည့် အမှန်တရားဖြစ်သည်။ NLD ပါတီအပါအဝင်နိုင်ငံရေးပါတီများအားလုံး ၂၀၀၈ အခြေခံဥပဒေအောက်မှ ရွေးကောက်ပွဲနိုင်ငံရေးကို လျှောက်ခဲ့သည်။ သို့သော် ၂၀၀၈ အခြေခံဥပဒေကို ပြင်ရမည်ဆိုသည့်အသိဖြင့် ပေးထားချက်နိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ခြင်းထက်မပို။


ပြီးခဲ့သည့် NLD လက်ထက် အခြေခံဥပဒေပြင်ဆင်ရေးတွင် စစ်တပ်က ကန့်လန့်တိုက်သောကြောင့် မအောင်မြင်။ ထိုအခါ လူထုက အခြေခံဥပဒေကို လွှတ်တော်တွင်းက ပြင်နိုင်မည်မဟုတ်ဟု ယူဆလာကြသည်။ ထိုယူဆချက်သည် အာဏာသိမ်းခံလိုက်ရသည့်နောက်တွင် ပိုမိုခိုင်မာလာသည်။


အခြေခံဥပဒေပြင်ဆင်ရေးဟုဆိုလျှင် လမ်းကြောင်းသုံးခုရှိသည်ဟု ပညာရှင်များကဆိုသည်။ လွှတ်တော်အတွင်းကပြင်ဆင်နည်း၊ NCA လမ်းကြောင်းမှ ပြင်ဆင်နည်းနှင့် လူထုတိုက်ပွဲနည်းတို့ဖြစ်သည်။


ယခုအခါ လူထုအတွက် ကျန်နည်းလမ်းနှစ်ခုမှာ အားကိုးမရသောနည်းလမ်းများဖြစ်သွားပြီး တစ်ခုတည်းသော နည်းလမ်းသာကျန်တော့သည်။ ယင်းမှာ လူထုတိုက်ပွဲနည်းဖြစ်သည်။ လူထုအားဖြင့် တိုက်ယူရခြင်းဖြစ်ရာ အန္တရာယ်များသည်။ သွေးမြေကျမှုရှိနိုင်သည်ဟု ပညာရှင်များက ဆိုပါသည်။


သို့သော်လည်း ယခုအခြေအနေတွင် အခြေခံဥပဒေပြင်ဆင်ရေးမှာ Dead Lock လမ်းပိတ်သွားပြီဖြစ်သည်။


အခြေခံဥပဒေ ပုဒ်မ ၄၃၆ မျိုးကိုပြင်နိုင်ရန်အတွက် အနည်းဆုံး တပ်မတော်သားလွှတ်တော်သားကိုယ်စားလှယ် တစ်ယောက်က ပြည်သူ့ဘက်က ပါဖို့လိုသည်။ ဒါတောင် စစ်တပ်မဟုတ်သည့် လွှတ်တော်တွင်းရောက် ပါတီအင်အားစုတွေ ညီညွတ်ဦးမှ ဖြစ်ပေလိမ့်မည်။


ထို့ကြောင့် စစ်တပ်ပေးမှရမည့် ဖက်ဒရယ်၊ စစ်တပ်ခွင့်ပြုမှ ပြင်နိုင်မည့် အခြေခံဥပဒေ။ စစ်တပ်သနားမှ ပြည်သူချမ်းသာမည်ဆိုသလိုဖြစ်နေသည့် အခင်းအကျင်း။


ထိုအတွက် ကိုယ့်အခွင့်အရေးကိုယ်ရယူရန် ပြည်သူများသည် ကိုယ့်အားကိုယ်ကိုးသည့်နည်းလမ်းမှတပါး အခြားနည်းလမ်းရှိပါသေးလား။


ထိုနည်းလမ်းကို တွေ့လျှင်ကား ကြားသိချင်ပါသေးသည်။     

                                                                                                                        ညိုထွန်း







Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

အာဏာရှင်အကျိုးစီးပွားအတွက် အသုံးချခံဖြစ်နေရတဲ့ ဗုဒ္ဓဘာသာ - ညိုထွန်း

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း