အာဏာရှင်စက်ဝန်းဗဟိုချက်ထဲက မြန်မာ - ညိုထွန်း




ဖိလစ်ပိုင်နိုင်ငံမှာ အာဏာရှင်ဟောင်းဖာဒီနန်မားကို့စ်ပြုတ်ကျပြီး နှစ်ပေါင်း ၃၀ အကြာမှာ သူ့သား ဖာဒီနန်မားကို့စ်ဂျူနီယာ ဒါမှမဟုတ် ဘုံဘုံက ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၇ ယောက်မြောက် သမ္မတဖြစ်လာပါတယ်။ ဒီလိုပါပဲ နာမည်ပျက်နဲ့ကျော်စောတဲ့ သမ္မတဒူတာတေးရဲ့ သမီးက ဆာရာဒူတာတေးကလည်း ဒုသမ္မတဖြစ်လာတာပါပဲ။ 


ကမ္ဘောဒီးယားမှာလည်း လက်ရှိဝန်ကြီးချုပ်ဟာ အတိုက်အခံပါတီတွေကိုဖျက်သိမ်း၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးသတ်ဖြတ်နှိပ်ကွပ်ခဲ့ပြီး ပြည်သူအပေါ်ဖိနှိပ်ဗိုလ်ကျနေတဲ့ အာဏာရှင်ဟွန်ဆန်ဖြစ်ပါတယ်။ 


ဒီလိုပဲထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာဟာလည်း စစ်တပ်ကနေအာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာသူပါ။ 


အရှေ့တောင်အာရှရဲ့ အာဏာရှင်စက်ဝန်းဗဟိုချက်မှာ နောက်ဆုံးအာဏာအသိမ်းခံလိုက်ရတာကတော့ မြန်မာဖြစ်ပါတယ်။ မြန်မာကိုတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းလိုက်တာပါ။ 


ဒီတော့ အရှေ့တောင်အာရှရဲ့ ရေခံမြေခံကို နည်းနည်းလောက်ကြည့်လိုက်ရအောင်ပါ။ 


ဖိလစ်ပိုင်သို့ မားကို့စ်မိသားစုအတွက် ဘုရားပေးတဲ့လက်ဆောင်


ဖာဒီနန်မားကို့စ်ဆိုတာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဖိလစ်ပိုင်အာဏာရှင်ဟောင်းဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမှု၊ အတိုက်အခံတွေကိုလုပ်ကြံသတ်ဖြတ်မှုနဲ့ ပြည်သူတွေကို နှိပ်ကွပ်မှုပေါင်းများစွာပြုလုပ်ခဲ့တဲ့ အာဏာရှင်ပါ။ မားကို့စ်ဟာ သမ္မတမဖြစ်ခင်ကတည်းက သူ့အဖေရဲ့ နိုင်ငံရေးပြိုင်ဘက်ကို လုပ်ကြံတဲ့အမှုနဲ့ အမှုရင်ဆိုင်ခဲ့ရပါသေးတယ်။


၁၉၈၆ ခုနှစ်မှာတော့ အဝါရောင်တော်လှန်ရေးလို့လူသိမျာတဲ့ ပြည်သူ့အာဏာတော်လှန်ရေးလှုပ်ရှားမှုနဲ့ မားကို့စ်ဟာ ဖြုတ်ချခံလိုက်ရပါတယ်။ လူတွေက သမ္မတအိမ်တော်ကို ဝင်စီးလိုက်ကြပါတယ်။ မားကို့စ်မိသားစုလည်း ပြည်ပကိုထွက်ပြေးကြပါတယ်။  


ဒီနောက်တော့ သူတို့ရဲ့ သမ္မတအိမ်တော်ကြီးထဲမှာ မိသားစုဝင်တွေရဲ့ပုံတူ ဆီဆေးပန်းချီကားကြီးတွေ ရွှေချထားတဲ့ ရေစိမ်ကန်၊ တန်ဖိုးကြီးလှတဲ့ မင့်ခ် မြွေပါသားမွေး အနွေးကုတ်အင်္ကျီ ၁၅ ထည်၊ ဒီဇိုင်နာချုပ် ပွဲတက်ဝတ်စုံပေါင်း ၅၀၈ စုံ ပါ။ဒါ့အပြင် သမ္မတကတော် မစ္စက် မားကို့စ်ရဲ့ ဒီဇိုင်နာ ဖိနပ် အစုံ ၃,၀၀၀ ကျော်ကိုပါတွေ့ခဲ့တာပါ။ 


ဒီလိုအပုပ်နံ့နဲ့ကျော်ကြားတဲ့ ဖာဒီနန်မားကို့စ်ရဲ့ တစ်ဦးတည်းသော သားကတော့ လက်ရှိဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ ဒါမှမဟုတ် ဘုံဘုံ ဖြစ်ပါတယ်။ 


သူ့အဖေ ဖာဒီနန်မားကိုစ်ဖြုတ်ချခံရတဲ့ ၁၉၈၆ ခုနှစ်မှာ သူ့အသက်က ၂၈ နှစ်ရှိပါပြီ။ 


မားကို့စ်ဂျူနီယာတစ်ယောက် ရွေးကောက်ပွဲနိုင်လာတဲ့ပုံကလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ အီလိုကို့စ်နောတစ် ခရိုင်မှာ သူတိုမိသားစုရဲ့ မာလကနန် နန်းတော်ကြီးရှိပါတယ်။ အီလိုကို့စ်နောတစ် ခရိုင်ဟာ သူတို့ရဲ့သစ္စာရှိတဲ့ အမာခံနယ်မြေဖြစ်ပါတယ်။ သူ့အဖေ အာဏာရှင်ဟောင်းဖာဒီနန်မားကို့စ်လက်ထက်မှာတောင် တစ်နိုင်ငံလုံးအပူလုံးကြွနေပေမယ့် ဒီဒေသက ပြည်သူတွေကတော့ အထူးအခွင့်အရေးတွေ ရနေခဲ့တာပါ။ 


မားကို့စ်ဂျူနီယာဟာ ဒီအမာခံနယ်မြေကနေ သူ့နိုင်ငံရေးကို အသက်ဆက်ပါတယ်။ ရွေးကောက်ပွဲမှာ ဖေ့ဘုတ်ကိုသုံးပြီးသတင်းတုတွေ ဖြန့်ခဲ့ကြပါတယ်။ သူ့ကိုထောက်ခံသူတွေအများအပြားက အကောင့်အတုတွေနဲ့ မားကို့စ်ဂျူနီယာဟာ ယုံကြည်ရသူဆိုပြီး လုပ်ပါတယ်။ အတိတ်ကအကြောင်းတွေကို မှေးမှိန်အောင် လုပ်ကြပါတယ်။ ဝေဝါးအောင်လုပ်ကြပါတယ်။ ဖိလစ်ပိုင်မှာ ဖေ့ဘုတ်စ်သုံးသူဟာ အဆမတန်များပြားတာရယ်၊ လူတစ်ယောက်ဟာ တစ်နေ့ကို လေးနာရီလောက်သုံးတာမို့ အလုပ်ဖြစ်ခဲ့ပါတယ်။ 


နောက်ဆုံးတော့ မြန်မာ့အိမ်နီးချင်း ဖိလစ်ပိုင်နိုင်ငံရဲ့အာဏာရှင်ဖာဒီနန်မားကို့စ်ရဲ့သားဟာ သမ္မတဖြစ်ပြီး မားကို့စ်မိသားစုရဲ့မိတ်ဆွေကြီး ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးရဲ့သမီး ဆာရာဒူတာတေးကတော့ ဒုသမ္မတဖြစ်လာခဲ့ပါပြီ။ 


ဆင်ခြင်ခြင်း(၁)


ဖိလစ်ပိုင်က မြန်မာပြည်သူတွေကို ဘာပြောနေလဲဆိုရင် အာဏာရှင်တွေ နန်းစွန့်သွားရပေမယ့် သူတို့ရဲ့သားမြေးနဲ့ ထောက်ခံသူတွေက တကျော့ပြန်အာဏာရှင်လမ်းကြောင်းကို လျှောက်လှမ်း တတ်ကြတယ်ဆိုတာပါ။ 


အာဏာရှင်မျိုးဆက်တွေဟာ ပုတ်သင်ညိုလို နိုင်ငံရေးအရောင်ပြောင်း သမိုင်းပြောင်းပြန်လှန်ပြီး ပြည်သူတွေကိုမျက်စိလည်အောင်  လုပ်တတ်တယ်ဆိုတာ မားကို့စ်ဂျူနီယာက သင်ပေးပါတယ်။


မြန်မာပြည်မှာလည်း အာဏာရှင်အစွယ်အပွားတွေက ဖေ့ဘုတ်စ်ပေါ်မှာ လူတွင်ကျယ်လုပ်နေတာ၊ သူတို့အကောင့်တွေရဲ့အောက်မှာ ထောက်ခံသူတချို့က သူတို့လုပ်ရပ်ကို လက်ခုပ်လက်ဝါးတီးနေကြတာကို မြင်နေရပါတယ်။


မြန်မာတွေမှာ ဟီရိ၊ ဩတ္တပ္ပဆိုတာရှိပါတယ်။ ရှက်ရမယ်၊ ကြောက်ရမယ်။ ဘာကိုရှက်ရ ကြောက်ရမလဲဆို မဟုတ်တာလုပ်တာကို ရှက်ရမယ်၊ မဟုတ်တာလုပ်ရမှာကို ကြောက်ရပါမယ်။ 


ဟီရိ၊ ဩတ္တပ္ပမရှိတဲ့သူတွေကို လူမှုအသိုင်းအဝိုင်းကနေ ဝိုင်းဝန်းဖယ်ကျဉ် အပြစ်ပေးတာ (Social Punishment) လုပ်ရပါမယ်။ ဒါကို မသိကျိုးကျွံပြုပြီး လက်ခုပ်တီးတဲ့အထဲကိုယ်ပါနေရင်  ကိုယ့်မှာ ဟီရိ၊ ဩတ္တပ္ပ ရှိမရှိ၊ လူသားဂုဏ်အင်ရှိမရှိ ပြန်ဆန်းစစ်သင့်ပါတယ်။ 


ကမ္ဘောဒီးယားသို့မဟုတ် ဟွန်ဆန်ပိုင်ပစ္စည်း


ကမ္ဘောဒီးယားနိုင်ငံရဲ့ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်ဆိုတာ တကယ်တော့လည်း ရွေးကောက်ပွဲကတက်လာတဲ့ အာဏာရှင်ဟောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ ဝန်ကြီးချုပ်လုပ်ခဲ့ပါတယ်။ နောက်တော့ ၁၉၉၈ ကနေ ဝန်ကြီးချုပ်လုပ်နေတာ အခုအချိန်အထိပါပဲ။ 


ဟွန်ဆန်တစ်ယောက်ဘာလို့ နှစ်ပေါင်း ၃၀ လောက်ဝန်ကြီးချုပ်လုပ်နိုင်ခဲ့သလဲမေးရင် သူဟာ ကမ္ဘောဒီးယားရဲ့ စစ်ဦးစီးချုပ်ဖြစ်လို့ပါပဲ။ အဓိက အတိုက်အခံတွေက ဖမ်းဆီး၊ထောင်ချ လုပ်ကြံသတ်ဖြတ်သူလို့လည်း နာမည်ကြီးပါတယ်။ ၂၀၁၈ တုန်းကဆိုရင်သူ့သားတွေဟာ စစ်တပ်ရဲ့ ဩဇာကြီးတဲ့ရာထူးတွေကို ရရှိခဲ့တာပါ။ ဒီလိုနည်းနဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ 


ဆိုလိုတာက ကမ္ဘောဒီးယားပြည်သူတွေဟာ မြန်မာနိုင်ငံမှာ ၈၈၈၈ အရေးတော်ပုံဖြစ်ခဲ့တဲ့အချိန်ကတည်းက အာဏာရှင်ဟွန်ဆန်ရဲ့အနိုင်ကျင့်ဖိနှိပ်မှုခံနေခဲ့ရတာ အခုထိပါပဲ။ ဒီလိုပဲ အတိုက်အခံနိုင်ငံရေးသမားတွေဟာလည်း ဖမ်းဆီးထောင်ချခံနေရတာဖြစ်ပါတယ်။ 


၂၀၁၈ မှာလုပ်တဲ့ရွေးကောက်ပွဲမှာဆိုရင် အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယားပြန်လည် ကယ်တင်ရေးပါတီ (CNRP) ကို ဖျက်သိမ်းလိုက်ပြီးမှ ဟွန်ဆန်က ရွေးကောက်ပွဲလုပ်ခဲ့တာပါ။ CNRP ရဲ့ခေါင်းဆောင်တွေကို ပြည်တွင်းမှာမနေနိုင်အောင် ဟွန်ဆန်ကလုပ်ပြီး ရွေးကောက်ပွဲကျင်းပလိုက်တဲ့အခါ ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ကပဲအနိုင်ရခဲ့ပါတယ်။ 


ဆင်ခြင်ခြင်း (၂)


မြန်မာနိုင်ငံမှာလည်း ၁၉၅၈ မှာ စစ်တပ်ကအာဏာသိမ်းမှာစိုးလို့ ဝန်ကြီးချုပ်ဦးနုက ဦးနေဝင်းကိုအာဏာလွှဲ၊ ၁၉၆၂ ခုနှစ်ကျ ဦးနေဝင်းက တရားဝင်အာဏာသိမ်း၊ နောက်ကျ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၂၀၁၁-၂၀၂၁ အရပ်သားအစိုးရဆယ်နှစ်၊ ၂၀၂၁ ခုနှစ်ကျ စစ်ခေါင်းဆောင်တွေက အာဏာသိမ်းပြန်ပါတယ်။ 


မြန်မာနိုင်ငံမှာ ပါလီမန်ဒီမိုကရေစီခေတ်နဲ့ ပြီးခဲ့တဲ့ အရပ်သားအစိုးရနှစ်ဆက်ကို ဖယ်လိုက်ရင် ကမ္ဘောဒီးယားနည်းတူပဲ ဖြစ်ခဲ့တာကို တွေ့ရမှာပါ။ 


ကမ္ဘောဒီးယားသင်ခန်းစာကတော့ အာဏာရှင်တွေဟာ ရွေးကောက်ပွဲကိုသူတို့ထွက်ပေါက်အဖြစ် အသုံးချတတ်တယ်ဆိုတာပါ။ ရွေးကောက်ပွဲမှာ သူတို့အသာရမယ့်စည်းမျဉ်းတွေချပါမယ်။ အဓိက ပြိုင်ဖက်တွေ မပါဝင်နိုင်အောင် ခြေထိုးခံပါမယ်။ မဖြစ်မနေပါဝင်လာရင်လည်း အပြေးပြိုင်ပွဲတစ်ခုမှာ ကြိုးတုပ်ပြီးမှ ပြိုင်ခိုင်းသလို လုပ်မှာပါ။ 


ဒါ့ကြောင့် အာဏာရှင်ကျင်းပတဲ့ ရွေးကောက်ပွဲဝင်ဖို့ပြင်တဲ့သူတွေအနေနဲ့လည်း ကောင်းကောင်းသတိထားသင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ကိုယ်က ဒီမိုကရေစီကိုလိုလားတယ်ဆိုရင် ပိုပြီးသတိထားသင့်ပါတယ်။ 


ထိုင်းသို့မဟုတ် စစ်ဗိုလ်ချုပ်ကြီးများ၏ အလိုမတူဘဲ ကယ်တင်ခြင်းခံရတဲ့နိုင်ငံ 


ထိုင်းနိုင်ငံမှာတော့ ၁၉၃၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ စစ်အာဏာသိမ်းမှု ၁၂ ကြိမ်ဖြစ်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့သမိုင်းမှာ အာဏာသိမ်းမှုအများဆုံးဖြစ်ပွားတဲ့နိုင်ငံတစ်ခုအဖြစ် မှတ်တမ်းဝင်ပါတယ်။ ဒါပေမယ့် ၁၂ ကြိမ်အာဏာသိမ်းတဲ့ အချိန်ကာလဟာ မြန်မာလောက်တော့ မရှည်ကြာခဲ့ပါဘူး။


မြန်မာကတော့ ရာစုနှစ်ဝက်ကျော် အာဏာရှင်လက်အောက် နေထိုင်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကအထိ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ကတော့ ပရာယုဒ်ချန်အိုချာဖြစ်ပါတယ်။  


ဒီ့အရင် ၂၀၁၄ ခုနှစ်မှာတော့ နိုင်ငံတွင်း မတည်ငြိမ်မှုကို အကြောင်းပြပြီး ပရာယုဒ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ညီမ ယင်းလတ်အစိုးရအဖွဲ့ဆီကနေ အာဏာသိမ်းခဲ့ပါတယ်။ ပရာယုဒ်က အဲဒီတုန်းက ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးပါ။ အဲဒီနောက် စစ်ယူနီဖောင်းကိုချွတ်ပြီး ရွေးကောက်ပွဲဝင်ပါတယ်။ သက်ဆင်ဦးဆောင်တဲ့ ပါတီကို အငြင်းပွားဖွယ်အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ 


ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ပရာယုဒ်ဟာ ဝန်ကြီးချုပ်ရာထူးက ယာယီဆင်းပေးလိုက်ရပါပြီ။ ဒီတော့ နိုင်ငံတကာကလည်း ပရာယုဒ်တစ်ယောက် အာဏာပြန်သိမ်းမလားဆိုပြီး စောင့်ကြည့်နေပါတယ်။ ပရာယုဒ် တစ်ယောက်ကတော့ ထိုင်းနိုင်ငံခြေဥခုံရုံးရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေပုံရပါတယ်။ 


ဆင်ခြင်ခြင်း (၃)


ထိုင်းနိုင်ငံကနေ မြန်မာတွေဘာသင်ယူနိုင်ပါသလဲ။ သင်ခန်းစာက အဟောင်းပါ။ ဒါပေမယ့် အခုထိအသက်တင်နေပါတယ်။ အဲဒါက ‘လက်နက်သည်သာ အာဏာ’ ဖြစ်ပါတယ်။ ဒီနေရာမှာ လက်နက်ဆိုတာ စစ်လက်နက်ပစ္စည်းတွေဖြစ်နိုင်သလို ကိုယ့်ရဲ့ဉာဏ်ပညာလည်းဖြစ်နိုင်ပါတယ်။ 


ဒါဟာ စာဖတ်သူရဲ့ အတွေးကိုအဆိပ်ခပ်တာမဟုတ်ဘဲ ပကတိ ကမ္ဘာ့အခြေအနေကို တင်ပြတာဖြစ်ပါတယ်။ ယဉ်ကျေးတဲ့လူမှုအသိုင်းအဝိုင်း သို့မဟုတ် ယဉ်ကျေးချင်ယောင်ဆောင်နေတဲ့ အသိုင်းအဝိုင်းကတော့ လက်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားတာဟာ ဂျပန်ကို အမေရိကန်က အနုမြူဗုံးရဲ့ စွမ်းအားပြလိုက်လို့ဖြစ်ပါတယ်။ ပြီးမှသာ ညှိနှိုင်းဆွေးနွေးမှုကလာပါတယ်။ 


ကိုယ့်အစွမ်းအစကို မပြသနိုင်သေးရင် ဒါမှမဟုတ် ကိုယ့်ပါဝါဟာ ရန်သူထက်အင်အားကြီး ကြောင်းမပြသနိုင်ရင် ဘယ်ရန်သူကမှ ကိုယ်နဲ့စားပွဲမှာ တန်းတူထိုင် ဆွေးနွေးမှာ မဟုတ်ပါဘူး။ ဆွေးနွေးတယ်ဆိုရင်လည်း သူပြောတာကို လိုက်လုပ်ဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။ လက်ရှိလုပ်နေတဲ့ နေပြည်တော်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုကြည့်ရင် မြင်သာပါတယ်။ 


ထိုင်းနိုင်ငံနည်းတူ မြန်မာမှာလည်း အာဏာသိမ်းတာကိုကြည့်လိုက်ရင် လက်နက်ရှိတဲ့သူတွေပါပဲ။ သူတို့လက်နက်ကတော့ စစ်လက်နက်ဖြစ်ပါတယ်။ 


ဒါ့ကြောင့် ပြည်သူ့အာဏာ ပြည်သူ့ဆီ ပြန်ရောက်ဖို့ လက်နက်လိုပါတယ်။ ဖြစ်နိုင်သမျှနည်းလမ်းအကုန်သုံးပြီး ဝိုင်းဝန်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။  


ကိုယ့်အလုပ်ကိုယ်လုပ်


လီကွမ်ယုကတော့ ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စင်ကာပူဆီယူဆောင် လာနိုင်ခဲ့သူပါ။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှာကို စိုးရွံ့တဲ့နိုင်ငံတွေမှာ စင်ကာပူဟာ ထိပ်ဆုံးက ပါပါတယ်။ 



မြန်မာနိုင်ငံက ကျောက်ဖြူဆိပ်ကမ်းတည်ဆောက်တော့ စင်ကာပူရဲ့စိုးရွံ့မှုဟာ အထင်အရှား ပေါ်လာတော့တာပါပဲ။ ဒါပေမယ့် စင်ကာပူတွေစိုးရွံ့လာအောင် မြန်မာတွေ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ မြန်မာတွေ စစ်အာဏာရှင်အောက်ရောက်တဲ့အချိန်မှာလည်း စင်ကာပူဘဏ်တွေ၊ စင်ကာပူဆိပ်ကမ်းတွေဟာ တကယ်ကိုပဲ အကျိုးအမြတ်များခဲ့ပါတယ်။ 


ကွန်မြူနစ်တရုတ်နဲ့ ဒီမိုကရေစီ အိန္ဒိယကတော့ မြန်မာနဲ့အိမ်နီချင်းဖြစ်သလို မြန်မာဆီက အကျိုးအမြတ် ရနေတဲ့နိုင်ငံတွေပါ။ အထူးသဖြင့် တရုတ်နိုင်ငံဖြစ်ပါတယ်။ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ မြန်မာဆီက သယံဇာတနဲ့ အကျိုးအမြတ်အများဆုံးရခဲ့တာ ပြည်သူကပိုသိပါတယ်။


အိန္ဒိယကတော့ မြန်မာနဲ့ကုန်သွယ်မှုသိပ်မရှိပေမယ့် မြန်မာကို လက်နက်ရောင်းတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဒီမိုကရေစီဘိုးအေလို့ တင်စားကြတဲ့ အိန္ဒိယဟာ ပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာကို လက်နက်ရောင်းဝင်ငွေရှာပြီး နယ်စပ် မီဇိုရမ်လို ပြည်နယ်မှာတော့ မြန်မာစစ်ပြေးဒုက္ခသည် ထောင်ဂဏန်းဝန်းကျင်ကို လက်ခံကာ ဒီမိုကရေစီဂုဏ်ကိုထိန်းနေပါတယ်။ 


ဒီတော့ပြန်ကြည့်ရင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တွေက အာဏာရှင်အပုပ်နံ့မကင်းတဲ့ နိုင်ငံဖြစ်လို့ သူတို့အုပ်ချုပ်သူတွေက မြန်မာ့ဒီမိုကရေစီတိုက်ပွဲ၊ အာဏာရှင်တော်လှန်ရေးနဲ့ပတ်သက်ရင် သတင်းမီဒီယာတွေဖော်ပြသလောက်တောင် လှိုက်လှိုက်လဲလဲ ရှိမှာမဟုတ်ပါဘူး။ ဟန်ရေးပြရုံလောက်ပါပဲ။ အဓိကစိုးရွံ့မှုကတော့ မြန်မာပြည်ဒီမိုကရေစီ တိုက်ပွဲတွေဟာ သူတို့နိုင်ငံတွေဆီ ကူးစက်မှာကြောက်တာပါ။ 


စင်ကာပူနဲ့ ဒီမိုကရေစီနိုင်ငံ အိန္ဒိယက မြန်မာကို စီးပွားရေးအရ အကျိုးအမြတ်ရဖို့ဆက်ဆံတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီအရေးဆို ခပ်ဝေးဝေးနေပြီး စီးပွားရေးအရပဲ စိတ်ဝင်စားပါတယ်။ 


တရုတ်ကတော့ ကိုယ်တိုင်ကလည်း ကွန်မြူနစ်၊ ထိုင်ဝမ် ဒီမိုကရေစီအရေးလှုပ်ရှားမှုကလည်းရှိတော့ မြန်မာနဲ့ဆို နိုင်ငံရေးရော၊ စီးပွားရေးနဲ့ နိုင်ငံရေးပထဝီဝင်အရပါ မြန်မာပြည်သူဘက်က မရှိပါဘူး။ သူ့ပတ်လည်မှာ ဒီမိုကရေစီနိုင်ငံတွေဝန်းရံနေရင် မနေတတ်ပါဘူး။ အမေရိကန်ရန်ကို ကြောက်လို့ပါ။ 


မျောက်နဲ့ငါးပိလို ဒီမိုကရေစီနဲ့တရုတ်က ရန်ဘက်ဖြစ်ပါတယ်။ 


ဒါဖြင့် ကူညီမယ့်နိုင်ငံမရှိဘူးလားပြောရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေကတော့ လတ်တလောမှာ အားသွန်ခွန်စိုက် ရှိမနေပါဘူး။ အဝေးမျှော်ပြီး ကုလသမဂ္ဂတို့၊ အမေရိကန်တို့ကိုကြည့်လည်း ဒီပုံစံပဲဖြစ်ပါတယ်။ 


တစ်ခုတော့ရှိပါတယ်။ မြန်မာပြည်သူတွေရဲ့တိုက်ပွဲကသာ အနိုင်ရမယ့်မြင်းဖြစ်ခဲ့ရင်တော့ ပုံအောလောင်းမယ့် နိုင်ငံတွေက အဆင်သင့်ရှိနေပါတယ်။ ဒီတော့ ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ထောက်ခံသင့်သူကိုထောက်ခံ၊ ဝန်းရံသင့်သူတွေကို ဝန်းရံ၊ ညီညီညွတ်ညွတ်နဲ့ ကိုယ်တိုင်တိုက်ပွဲဝင်နေရမှာပါ။


မြန်မာပြည်ဟာ ဆင်းရဲတွင်း နက်ချင်နက်ပါလိမ့်မယ်။ မြန်မာခေါင်းဆောင်တွေကလည်း တခြားနိုင်ငံခေါင်းဆောင်တွေနဲ့ ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပါလိမ့်မယ်။ 


မတရားမှုတွေိကိုတော်လှန်တဲ့နေရာမှာ၊ ကိုယ်ဂုဏ်ကိုယ် ရိုသေတဲ့နေရာမှာ တခြားဘယ်အိမ်နီးချင်း နိုင်ငံက ပြည်သူထက်မဆိုသာတဲ့ မြန်မာပြည်သူတွေဟာ ကိုယ့်လွတ်လပ်ခွင့်၊ ကိုယ့်ဂုဏ်သိက္ခာအတွက် ကိုယ်တိုင်ပဲ တိုက်ယူရမှာ ဖြစ်ပါတယ်။ 


                                                                                                                                    ညိုထွန်း




Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေး ဘယ်လိုအစပြုခဲ့လဲ

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း