သမိုင်းဘီးနောက် ခြေရာကောက်ခြင်း - ညိုထွန်း

 


သမိုင်းသည် အပြန်အပြန်အထပ်ထပ်လည်နေသည့် သဘောရှိရာ ယနေ့အဖြစ်အပျက်များသည် အတိတ်တစ်ချိန်က ဖြစ်ပျက်ခဲ့သည်များပင်ဖြစ်သည်။ သို့မဟုတ် အတိတ်တွင်ဖြစ်ပျက်ခဲ့သည်များနှင့် မနီးရိုးစွဲ ဆင်တူသည်ဟု ကောက်ချက်ချနိုင်ပေသည်။


အထူးသဖြင့် နိုင်ငံရေးတွင် အဟောင်းအဟောင်းတို့သည် တကျော့ပြန်လည်တတ်ပေရာ ၂၀၂၁ ခုနှစ်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အာဏာသိမ်းမှုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ အာဏာသိမ်းမှုသည် သမိုင်းထဲက မည်သည့်အခြေအနေနှင့် ဆင်တူသနည်း။ အာဏာသိမ်းပြီး အခြေအနေများသည် မည်သည့်အခြေအနေကို တုပသနည်း စသည်တို့ကို ဆင်ခြင်ကြည့်ကြပါမည်။ ထိုသို့ ဆင်ခြင်လျှင် မည်သည်တို့ကိုတော့ ပုံတူကူးသည်၊ မည်သည်တို့ကိုတော့ ဆင့်ပွားကူးသည်ကို ဤသို့တွေ့ရပါလိမ့်မည်။ 


အာဏာသိမ်းခြင်းမဟုတ်ဟူသော ယူဆချက်


၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ စစ်တပ်ဘက်က တဖွဖွပြောဆိုခဲ့သည်မှာ အာဏာသိမ်းခြင်း မဟုတ်ဟူသော အယူအဆဖြစ်သည်။ ထိုအယူအဆမှာ ၁၉၅၈ ခုနှစ် ဖဆပလ အကွဲအပြဲတွင် ဝန်ကြီးချုပ်ဦးနု၏ ဖဆပလအစိုးရလက်ထဲမှ အာဏာသုံးရပ်ကို ဗိုလ်ချုပ်ကြီးနေဝင်း ရယူခဲ့သည့်ဖြစ်ရပ်အပေါ်တွင် မြစ်ဖျားခံသည်ဟု ဆိုသင့်ပေသည်။ 


ရှင်းလင်းစွာဆိုရလျှင် ၁၉၅၈ တွင် ဖဆပလအကွဲအပြဲဖြစ်ပြီး နုတင် (သန့်ရှင်း) နှင့် ဆွေငြိမ်း (တည်မြဲ) တို့ အဖြစ် နှစ်ဖွဲ့ဖြစ်သွားသည်။ 


ဝန်ကြီးချုပ်ဦးနုက တပ်မတော် တပ်မှူးကြီးများသည် သူ့ပြိုင်ဘက်ဖြစ်သော တည်မြဲဖဆပလကို ထောက်ခံသည်ဟု စွပ်စွဲသည်။ နိုင်ငံတဝန်း လက်နက်ကိုင်များဖြင့် တိုက်ပွဲများဖြစ်နေသည်။ ဦးနုက သူ့အစိုးရအဖွဲ့တွင် ကွန်မြူနစ်များထည့်သွင်းရလည်း ပြဿနာမရှိဟုယူဆသည်။ ဤယူဆချက်ကို တပ်မတော်က မကြိုက်။ အကြောင်းမှာ တပ်မတော်သည် ကွန်မြူနစ်များနှင့် သူသေကိုယ်ကြေတိုက်နေရသည့်ကာလဖြစ်သည်။ 


ဤအကြောင်းများကို အခြေခံ၍ ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သော တပ်မတော်သည် အာဏာသိမ်းရန်ပြင်ဆင်ပြီးဖြစ်သည်။ ဝန်ကြီးချုပ်ဦးနုကမူ အာဏာသိမ်းသည်ကိုမကြိုက်၊ ရှုပ်ထွေးလှသည့် ဤအခြေအနေအတွက် တတိယနည်းလမ်းမှာ ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်နေဝင်းကို အာဏာလွှဲရန်ဖြစ်သည်။ ထို့သို့ညှိနှိုင်းရန် ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်နှင့် ဗိုလ်အောင်ကြီးတို့ကို လွှတ်ကာ ဝန်ကြီးချုပ်ဦးနုနှင့် ဆွေးနွေးနိုင်ခဲ့သည်။


အနှစ်ချုပ်မှာ အာဏာလွှဲလျှင်လွှဲ၊ မလွှဲလျှင် အာဏာသိမ်းမှုကို ဗိုလ်ချုပ်ကြီးနေဝင်းက ဟန့်တားနိုင်မည်မဟုတ်ဟူသော ခြိမ်းခြောက်သည့် သဘောပင်ဖြစ်သည်။ သဘောတူညီမှုရရှိသောအခါ ဝန်ကြီးချုပ်ဦးနုနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၏ သမိုင်းဝင် အပြန်အလှန်ပေးစာနှစ်စောင် ထွက်ပေါ်လာပြီး အာဏာလွှဲပြောင်းမှု ဖြစ်လာခဲ့သည်။ 


၂၀၂၁ ခုနှစ်ဖြစ်စဉ်ကမူ ရွေးကောက်ပွဲကို အကြောင်းပြု၍ အာဏာလွှဲအပ်ရန် စစ်တပ်က မဖြစ်နိုင်သည့် တောင်းဆိုချက်များကို တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က မလိုက်လျောခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်စေချင်သည့် ဖဆပလခေတ် ဝန်ကြီးချုပ်ဦးနုနှင့် ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်တို့ ညှိနှိုင်းမှုကဲ့သို့ဖြစ်မလာ။ 


ထို့သို့ ဖြစ်မလာသည့်အခါတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်တပ်သည် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးလိုက်သည်။ ပြီးနောက် ဒုသမ္မတ ၁ ဦးမြင့်ဆွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီ အာဏာလွှဲလိုက်သည်။ စစ်တပ်သည် အာဏာသိမ်းခြင်းမဟုတ်၊ အာဏာလွှဲပြောင်းရယူလိုက်ခြင်း ဝါ အာဏာထိန်းလိုက်ခြင်းဖြစ်သည်။ ဤယူဆချက်မှာ စစ်တပ်နှင့် စစ်တပ်ထောက်ခံသူများ၏ ယူဆချက်ဖြစ်သည်။ သို့သော် အဖြစ်မှန်ကိုကား အများသိပြီးဖြစ်သည်။


ထင်ရှားသည့်အချက်မှာ ၁၉၅၈ ဖဆပလ လက်ထက်ကလည်း စစ်တပ်သည် မဖြစ်မနေ အာဏာသိမ်းမည့်ကိစ္စကို အာဏာလွှဲပြောင်းမှုဖြစ်အောင် ပုံဖော်နိုင်ခဲ့သည်။ သို့မဟုတ် အာဏာလွှဲပြောင်းမှုလား၊ အာဏာသိမ်းမှုလား ဝေခွဲမရဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်။


၂၀၂၁ ခုနှစ်တွင်လည်း အာဏာလွှဲပြောင်းမှုဖြစ်အောင် စစ်တပ်က ပုံဖော်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်မခံသောကြောင့်ဖြစ်မလာ၊ ထို့ကြောင့် အာဏာသိမ်းလေသည်။


အိမ်စောင့်အစိုးရ-Care Taker Government 


အာဏာသိမ်းပြီးနောက် ၁၉၅၈ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရသည် သူ့အစိုးရကို အိမ်စောင့်အစိုးရ Care-Taker Government ဟု အမည်ပေးလေသည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ လက်ရုံးများဟုဆိုနိုင်သော ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်နှင့် ဗိုလ်အောင်ကြီးတို့၏ ပြုပြင်ပြောင်းလဲရေးများကြောင့် အိမ်စောင့်အစိုးရလက်ထက်တွင် နိုင်ငံပိုတည်ငြိမ်သလို၊ စီးပွားရေးလည်း ပိုကောင်းစပြုလာခဲ့သည်။ 


၂၀၂၁ ခုနှစ် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၁၉၅၈ ဗိုလ်ချုပ်ကြီးနေဝင်းကို အတုယူသည်။ 


ထို့ကြောင့် ၂၀၂၁ အာဏာသိမ်းပြီးနောက် အစိုးရတစ်ရပ်ဖွဲ့စည်းဟာ အိမ်စောင့်အစိုးရဟု အမည်ပေးသည်။ သို့သော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် အိမ်စောင့်အစိုးရသည် နိုင်ငံတကာအသိအမှတ်ပြုမှုတွင် အလွန်အမင်းအကန့်အသတ်များနှင့် ကြုံနေရသည်။ 


အိမ်စောင့်အစိုးရကို ဖွဲ့စည်းပြီးနောက် စစ်ခေါင်းဆောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းသည်။ ပြည်သူများက ထိုအမည်ကို မသုံးစွဲ။ စစ်ကောင်စီဟုသာ သုံးစွဲကြသည်။ 


တကျော့ပြန် ပြူစောထီးများ


အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာသိမ်းခြင်းနှင့် အာဏာထိန်းခြင်း၊ သူ့လက်ထက်ဖွဲ့စည်းခဲ့သော အိမ်စောင့်အစိုးရ အစရှိသည်တို့သည် သမိုင်းထဲက ဇာတ်ကွက်များကို ပြန်လည်ယူငင်သုံးစွဲခြင်းဖြစ်ကြောင်း အထက်တွင် တင်ပြခဲ့ပြီးဖြစ်သည်။ 


တဖန် အာဏာသိမ်းစစ်အုပ်စု၏ လက်ကိုင်တုတ်ဖြစ်လာသည့် ပြူစောထီးများအကြောင်းကို ပြောလိုသေးသည်။ ဝန်ကြီးချုပ်ဦးနု၏ ဖဆပလအစိုးရလက်ထက် ၁၉၅၆ ခုနှစ်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားသောအခါ စစ်ဘက်၊ ရဲဘက်နှင့် အုပ်ချုပ်ရေးဘက်က ပါဝင်သည့် ပြူစောထီးအဖွဲ့ကို  ဖွဲ့စည်းခဲ့သည်။ 


ဖဆပလခေတ် ပြူစောထီးများသည် လက်နက်ရှိလာသည်နှင့်အမျှ ရပ်ရွာလူထုအပေါ် ဖိနှိပ်ခြင်း၊ လက်နက်ပြ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လာခဲ့ကြသည်။ ပြူစောထီးတပ်များသည် ၁၉၅၆ နှင့် ၁၉၆၀ ရွေးကောက်ပွဲများတွင် ဝင်ရောက်ခြိမ်းခြောက်မဲဆွယ်ခြင်းများပြုလုပ်ခဲ့သည်။ 


ဖဆပလ မွေးသော တစ္စေကြီးပြူစောထီးသည် ဖဆပလနှင့်အပြိုင် ပါတီကြီးဖြစ်သည့် ပမညတ ကို မဲထည့်ရန်လာသူများကို သေနတ်ပြ ခြိမ်းခြောက်ကာ လှည့်ပြန်ခိုင်းခဲ့ကြသည်။ ထိုမျှမက လူသတ်မှုများကိုလည်းကျူးလွန်ခဲ့ကြသည်။ သာယာဝတီခရိုင် မင်းလှရွေးကောက်ပွဲ လေးလောင်းပြိုင်လူသတ်မှု၊ မြိုတ်ခရိုင် ဆီတောင်ရွာ လူသတ်မှုများသည် ပြူစောထီးအဖွဲ့များ၏ ကြမ်းကြုတ်များအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့သည်။ 


သို့သော်လည်း နောက်ဆုံးတွင် ပြည်သူက လက်မခံခြင်း၊ ပါလီမန်ဒီမိုကရေစီအမတ်များက လွှတ်တော်တွင် တင်ပြခြင်းအားဖြင့် ၁၉၅၈ စက်တင်ဘာလ ၁ ရက်တွင် တစ်နိုင်ငံလုံးရှိ ပြူစောထီးအဖွဲ့များကို ဖျက်သိမ်း၍ အရန်ရဲအဖြစ်ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤသို့ဖြင့် ပြည်သူကို ဒုက္ခအမျိုးမျိုး ပေးခဲ့သည့် ပျူစောထီးအဖွဲ့ကြီးမှာ နိဂုံးချုပ်ခဲ့ရသည်။ 


သို့သော် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်တွင်  ပျူစောထီးများသည်ကား တကျော့ပြန် ရောက်ရှိလာသည်။ အာဏာသိမ်းမှုကို လက်မခံသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက  ရဲစခန်းများနှင့် အုပ်ချုပ်ရေးရုံးများကို ဝင်ရောက်စီးနင်းမှုကို ကာကွယ်မည်ဆိုကာ ပျူစောထီးများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။  


စစ်တပ်လက်ဝေခဲ့ဖြစ်သော စစ်မှုထမ်းဟောင်းများအဖွဲ့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီဝင်များ၊ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ( မဘသ )နှင့် အစွန်းရောက်မျိုးချစ်အဖွဲ့များသည် ပျူစောထီးများနှင့် အဆက်အသွယ်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများကို လေ့လာသုတေသနပြုနေကြသည့်  International Crisis Group - ICG မှ ပညာရှင်များက ထောက်ပြခဲ့ကြသည်။ 


စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် ပျူစောထီးများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လက်နက်တပ်ဆင်ပေးထားသည်။ 


ပျူစောထီးများသည် တော်လှန်တပ်သားများသတင်းကို စစ်တပ်ထံပေးပို့ခြင်း၊ ရပ်ရွာအတွင်းမသင်္ကာသူ သို့မဟုတ် ၎င်းတို့နှင့် မသင့်မြတ်သူများကို တော်လှန်ရေးအဖွဲ့များဆီ သတင်းပေးသည်ဟု စွပ်စွဲကာ ဖမ်းဆီးရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်၍ ပြည်သူကို ဒုက္ခနေသည်မှာ ယနေ့တိုင်ဖြစ်သည်။ 


ပြည်သူ့စစ်မှုထမ်းဥပဒေ


ပြည်သူ့စစ်မှုထမ်းဥပဒေကို ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရလက်ထက်  ၁၉၆၉ ခုနှစ်တွင် ဥပဒေကြမ်းအဖြစ် ပြဌာန်းနိုင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပုံတူကူး အသက်သွင်းခဲ့ခြင်းပင် ဖြစ်သည်။ အိမ်စောင့်အစိုးရလက်ထက်တွင် တရုတ်အန္တရာယ်အပါအဝင်ပြည်ပအန္တရာယ်ကို စိုးရိမ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အစ္စရေးထံမှ လေ့လာကာ ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။ ယနေ့ အချိန်အခါတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ခြင်းဖြစ်သည်။ 


မည်သို့ဆိုစေ လတ်တလောတွင် ပြည်သူများကို စိတ်ဒုက္ခပေးလျက်ရှိသည့် ပြည်သူ့စစ်မှုထမ်း ဥပဒေသည်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ စစ်တပ်က ကိုယ်စွမ်းကိုယ်စဖြင့် အသစ်ဖန်တီးထားသည့် လုပ်ဆောင်ချက်မဟုတ်ဆိုသည်ကတော့ အထင်အရှားပင်ဖြစ်သည်။  


လမ်းဟောင်းလျှောက်ဆဲ


ဤသို့ဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ စစ်တပ်သည် အတိတ်ကာလက ပြည်သူတို့လက်မခံသော လမ်းဟောင်းအပေါ် စုံစုံမက်မက် လျှောက်နေကြဆဲဖြစ်သည်။ လမ်းဟောင်းအတိုင်းလျှောက်ပြီး ရလဒ်အသစ်ထွက်လာဖို့လည်း မရှိချေ။ ယနေ့အချိန်အထိ သူတို့လုပ်နေသော လုပ်ရပ်များသည် အတိတ်က အလုပ်မဖြစ်ခဲ့သော လုပ်ရပ်များကို ပုံတူကူး ဆင့်ပွားနေခြင်မျှသာ။ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော် ၇၀ လောက်က အတွေးများဖြင့် ဒီနေ့နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရန် ဖြစ်နိုင်ပါမည်လား။ စဉ်းစားစရာပင်ဖြစ်သည်။ 


                                                                 ညိုထွန်း


                                                                                              စာပြီးချိန် မေလ၊ ၁၂ ၊ ၂၀၂၄


Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေး ဘယ်လိုအစပြုခဲ့လဲ

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း