နိုင်ငံပိုင်သိမ်းတော့မှာလားနှင့် သီရိလင်္ကာလမ်းပြမြေပုံ - ညိုထွန်း




သမ္မတတစ်ယောက်ထွက်ပြေးရတယ်ဆိုတာ ရုပ်ဆိုးလွန်းလှတဲ့ကိစ္စပါ။ ဒါပေမယ့်လည်း  အာဏာယစ်မူး၊ ဥစ္စာရူးပြီး ဆွေးမျိုးကောင်းစားရေးလုပ်နေတဲ့ သမ္မတတစ်ယောက် ထွက်ပြေးရတယ်ဆိုရင်တော့ဖြင့် ပြည်သူတွေအနေနဲ့က ကျေနပ်စရာပါ။ 


ဟုတ်ပါတယ်။ သီရိလင်္ကာသမ္မတကို ပြောတာပါ။ မြန်မာနိုင်ငံသားတွေ လိုချင်နေတဲ့ အခြေအနေတစ်ရပ်ကို သီရိလင်္ကာပြည်သူတွေက လုပ်ပြနိုင်ခဲ့ပါပြီ။ 


ဆိုတော့ သီရိလင်္ကာမှာ သမ္မတကထွက်ပြေး၊ စီးပွားရေးက ချွတ်ခြုံကျပြီး ပြည်သူတွေလည်း မွဲတေနေပါပြီ။ မနက်ဖြန်အတွက် အနာဂတ်ဆိုတာ ဘာလဲဆိုပြီး မေးခွန်းထုတ်နေရတဲ့ ဘဝပါ။ 


မြန်မာနိုင်ငံလည်း သီရိလင်္ကာနဲ့ သိပ်မကွာပါဘူး။ ပြည်သူတွေရဲ့အနာဂတ်တွေမဲ့ပြီး မျှော်လင့်ချက်တွေမဲ့နေရတဲ့အချိန်ပါ။ ပြည်သူတွေဟာ အလုပ်အကိုင်ကရှား၊ ကုန်ဈေးနှုန်းကကြီးပြီး စစ်ကောင်စီရဲ့ ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှု သားကောင်ဖြစ်နေခဲ့ရတာပါ။ 


မြန်မာလူ့ဦးရေ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂၁ သန်းကျော်ကလည်း တစ်နေ့ကို ၂ ဒေါ်လာလောက်ပဲရနေတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာတွေကဆိုပါတယ်။ လူဦးရေ ၁.၆ သန်းလောက်က အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ 


ဒီဆောင်းပါးမှာတော့ သိပ်မကြာခင်ဖြစ်လာနိုင်ခြေရှိတဲ့ကိစ္စတွေကို ပြောသွားမှာပါ။ ပထမဆုံးကတော့ အားလုံးသိတဲ့ သီရိလင်္ကာကနေပဲ စလိုက်ကြရအောင်ပါ။ 


သီရိလင်္ကာ ဘာမှားခဲ့လဲ


သီရိလင်္ကာသမ္မတဟာ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ပေးခဲ့တဲ့ကတိအတိုင်းပဲ သူအာဏာရလာတဲ့အခါ အခွန်တွေကို ၂၅ ရာခိုင်နှုန်းလောက် လျှော့ကောက်ပါတယ်။ ဒါဟာ ပညာရှင်တွေအကြံပြုချက်နဲ့ ချမှတ်တဲ့မူဝါဒမျိုးမဟုတ်ဘဲ ပေါ်ပြူလစ်ဇင်(အများကြိုက်-လူပြိန်းကြိုက်) လို့ခေါ်တဲ့ နိုင်ငံရေးအရ ထောက်ခံမှုရအောင်လုပ်တာပါ။ ခရီးသွားလုပ်ငန်းက ရတဲ့ဝင်ငွေဟာလည်း ၄.၇ ဘီလီယံလောက် လျော့သွားပါတယ်။ 


တစ်ဖက်မှာလည်း နိုင်ငံမှာကသွင်းကုန်တွေများပြီး ပို့ကုန်တွေက နည်းလာပါတယ်။ သွင်းကုန်အတွက် ဒေါ်လာလိုအပ်ချက်က ကြီးလာပါတယ်။ ဒါ့ကြောင့် မရှိမဖြစ်ကုန်စည်ဖြစ်တဲ့ စက်သုံးဆီနဲ့ ဂတ်စ်လို ကုန်စည်တွေ ပြည်တွင်းမှာ ပြတ်လပ်လို့ ပြည်သူတွေဒုက္ခရောက်ကြပါတယ်။ 


ပို့ကုန်တွေကဘာ့ကြောင့်နည်းသွားလည်းဆိုရင် မူဝါဒအမှားကြောင့်ပါ။သီရိလင်္ကာသမ္မတဟာ ပြည်ပကနေ ဓာတ်မြေဩဇာတင်သွင်းတာကို ပိတ်လိုက်ပါတယ်။ လယ်သမားတွေကို ၁၀၀ ရာခိုင်နှုန်းအော်ဂင်းနစ် ထုတ်ကုန်တွေ ထုတ်စေပါတယ်။ ဒါ့ကြောင့် အထွက်နှုန်းက အလွန်အမင်းကျဆင်းသွားပါတယ်။ အကျိုးဆက်ကတော့ ပြည်ပကနေတောင် ဆန်ကိုတင်သွင်းခဲ့ရတာပါပဲ။ 


သီရိလင်္ကာအစိုးရရဲ့ နောက်အမှားတစ်ခုကတော့ အလွန်ကြီးကျယ်တဲ့ အခြေခံအဆောက်အဦတွေကို တရုတ်ချေးငွေတွေနဲ့ တည်ဆောက်ခဲ့တာပါ။ တရုတ်ကလည်း ငွေတွေချေးပါတယ်။ ဒီလိုနဲ့ တရုတ်နဲ့နီးကပ်တဲ့ဆက်ဆံရေးဖြစ်ထွန်းလာပါတယ်။ တရုတ်အစီအစဉ်နဲ့ ကိုလံဘိုဆိပ်ကမ်းကို ဆောက်ပါတယ်။ Lotus မျှော်စင်ကြီးကို သန်း ၄၀၀ အကုန်ခံပြီးဆောက်ပါတယ်။ ခရစ်ကတ်အားကစားကွင်းကို သမ္မတရဲ့ဆွေမျိုးဖြစ်တဲ့ အားကစားဝန်ကြီးက ဆောက်ပါတယ်။ ဒီလိုမျိုးမလိုတဲ့နေရာတွေမှာ သုံးတဲ့အတွက် ဝင်ငွေထွက်ငွေကွာဟချက်က အရမ်းကြီးမားလာပါတယ်။ 


ဒါကိုဖြေရှင်းဖို့ နိုင်ငံရဲ့အရန်ငွေကြေးကို ပြန်ကြည့်တော့လည်း အရန်ငွေကြေးက နှစ်လစာတောင် မကျန်တော့ပါဘူး။ 


အဲဒီတော့ အကြွေးတွေလည်း သိပ်များလာပါတယ်။ ပြည်ပကိုဆပ်ရမယ့်အကြွေးတွေကများ၊ နိုင်ငံအတွင်းမှာ ဘတ်ဂျက်လိုငွေကပြ၊ ကုန်သွယ်မှုလိုငွေကလည်း မြင့်နေတဲ့အချိန်မှာ နိုင်ငံက စီးပွားရေးအရ အဆိုးဆုံးအခြေအနေကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။


သီရိလင်္ကာရဲ့ စီးပွားရေးအမှားကို သင်ခန်းစာယူဖို့ ပြန်ဆန်းစစ်ကြည့်တဲ့အခါ  သမ္မတရဲ့ ဆွေမျိုး တစ်ဒါဇင်လောက်က နိုင်ငံရဲ့ဝန်ကြီးဌာနအသီးသီးမှာ ရှိနေတာတွေ့ရပါတယ်။သူတို့မိသားစုတွေဟာ ဒီနိုင်ငံရေး နိုင်ငံရေးနယ်ပယ်ကို စိုးမိုးထားတာ အနှစ် ၂၀ လောက်ရှိနေပါပြီ။ ကိုယ်ကျိုးစီးပွားအကာအကွယ် ပြုရေးမူဝါဒနဲ့ စီမံခန့်ခွဲမှုအလွဲတွေကနေ သွားလိုက်တာ နောက်ဆုံးမှာ သမ္မတကိုယ်တိုင် နိုင်ငံကနေ ရုပ်ပျက်ဆင်းပျက် ထွက်ပြေးရတဲ့အထိပါပဲ။ 


သီရိလင်္ကာနဲ့တူသော မြန်မာ


မြန်မာမှာလည်း သီရိလင်္ကာလို့ပဲ စက်သုံးဆီဈေးတွေမြင့်ပြီး ပြီးခဲ့တဲ့လကဆိုရင် စက်သုံးဆီနဲ့ စားအုန်းဆီအလုံ အလောက်မရတဲ့ ပြဿနာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ စက်သုံးဆီနဲ့စားအုန်းဆီတွေ အခုပြန်ရနေပေမယ့် ဈေးကကြီးမြင့်နေဆဲပါ။ 


သီရိလင်္ကာနဲ့ကွာခြားတာတစ်ခုကတော့ မြန်မာက သွင်းကုန်တွေကို ပိတ်ပစ်လိုက်ပါတယ်။ အကြောင်းရင်းကတော့ တူပါတယ်။ ဒေါ်လာလိုအပ်ချက်မြင့်လာလို့ပါ။ ဒါလည်း လူပြိန်းတွေးပေါ်လစီပါပဲ။ ကိုးတန်း ဘောဂဗေဒသင်ထားတဲ့ကျောင်းသားတောင် ဒီမူဝါဒမျိုးချတတ်ပါတယ်။


မြန်မာမှာလည်း ဒေါ်လာလိုအပ်ချက်မြင့်တက်လာလို့ စစ်ကောင်စီက တွေ့ကရာ ဆေးမြီးတိုတွေနဲ့ ကုစားနေပါတယ်။ ဒါပေမယ့် မြန်မာကတော့ သီရိလင်္ကာထက်စောပြီး ကြိုပြင်ဆင်ထားတယ်လို့ ပြောရမှာပါ။ သွင်းကုန်တွေပိတ်တဲ့အတွက် စက်သုံးဆီ၊ စာအုန်းဆီနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေရဲ့ ကုန်ဈေးနှုန်းကြီးလာတဲ့ဒဏ်ကိုတော့ ပြည်သူတွေ အလူးအလဲခံစားရပါတယ်။ အခုနောက်ဆုံးဈေးကြီးတဲ့ ကုန်စည်ကတော့ ဆေးဝါးဖြစ်ပါတယ်။


သီရိလင်္ကာမှာလိုပဲ မြန်မာမှာလည်း စစ်ကောင်စီရဲ့ မူဝါဒအလွဲတွေကြောင့် နိုင်ငံတော်ရဲ့အရန်ငွေကြေးက နည်းလာတယ်ဆိုတာ သိသာပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေကဆိုရင် စက်သုံးဆီဈေးကျအောင်ဆိုပြီး တင်သွင်းတဲ့ကုမ္ပဏီတွေကို စစ်ကောင်စီက ဒေါ်လာရောင်းပေးပါတယ်။ ပြီးရင် စက်သုံးဆီကို ဈေးနည်းနည်းနဲ့ရောင်းစေပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အလုပ်မဖြစ်ပါဘူး။ အလုပ်မဖြစ်တဲ့နည်းကို ပညာရှင်ဆိုသူတွေကပဲ အကြံပြုတာလား၊ စစ်ကောင်စီ ကိုယ်တိုင်ပဲ လိုလိုချင်ချင်လုပ်တာလား ဆိုတာကလည်း စဉ်းစားစရာပါ။ နိုင်ငံရဲ့အရန်ငွေကြေးကတော့ ပရုပ်လုံးလိုပါးနေပါပြီ။ 


သီရိလင်္ကာဟာ တရုတ်ကျောထောက်နောက်ခံနဲ့ ဆင်းရဲတွင်းရောက်သွားသလို မြန်မာကတော့ တရုတ်ကျောထောက်နောက်ခံနဲ့ ဆင်းရဲတွင်းရောက်ဖူးပြီးပါပြီ။ အခုအခါမှာတော့ ရုရှားနဲ့ပိုနီးစပ်လာတယ်လို့ ပြောလို့ရပါတယ်။ ရုရှားဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့၊ ရုရှားငွေကြေးစနစ်ထဲကိုဝင်ဖို့၊ ရုရုားလုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့်ကြားနေရပါတယ်။ 


ဆိုတော့ သီရိလင်္ကာလမ်းပြမြေပုံကတော့ ရှိနှင့်နေပါပြီ။ အဲဒီမြေပုံညွှန်းအတိုင်း မလျှောက်မိဖို့တော့ လိုပါတယ်။  တစ်ခုတော့ရှိပါတယ်။


သီရိလင်္ကာမြေပုံအတိုင်း လျှောက်လှမ်းလို့ ဒီ့ထက်ဆိုးတဲ့စီးပွားရေးအခြေအနေမျိုးဆိုရင်တော့ တော်လှန်ရေးကြီးဖြစ်နေတာတောင် ‘နေသာသပါ့ လေညာက’ လုပ်နေတဲ့ မြို့ပေါ်ကလူတွေလည်း ကိုယ်လက်ပူတော့ ပူမှန်းသိလောက်ပါပြီ။ 


အခုဆိုရင်ပဲ စစ်ကောင်စီရဲ့ ကသမ်းကရမ်းမူဝါဒတွေကို ဇူလိုင်လ ဒုတိယပတ်လောက်မှာ ခပ်စိတ်စိတ်တွေ့လာရပါတယ်။ 


နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်းပါတဲ့လုပ်ငန်းတွေရဲ့ ဘဏ်အပ်ငွေ ဒေါ်လာကို ကျပ်ငွေပြောင်းဖို့ဆိုတာမျိုး။ ဒီလိုသာလုပ်မယ်ဆို FDI လုပ်ငန်းတွေကလည်း ထွက်ကုန်မှာပါပဲ။ အခုတောင် FDI လုပ်ငန်းအကြီး အခု ၃၀ လောက်က ထွက်နှင့်နေပါပြီ။ အဲဒီလုပ်ငန်းတွေထဲမှာ ဒေါ်လာ တစ်ဘီလီယံဝန်းကျင် လုပ်ငန်း အနည်းဆုံး ၃ ခုလောက်ပါသွားပါပြီ။ ထပ်ပြီးထွက်မယ့် FDI လုပ်ငန်းတွေလည်းရှိလာဦးမှာပါ။ ဒီတော့ စီးပွားရေးကို ပိုပြီး ထိခိုက်လာမှာပါ။


နောက်တစ်ခုကတော့ ပြည်ပချေးငွေတွေကို ပြန်မဆပ်ဘဲ ဆိုင်းငံ့ထားကြဖို့ကိစ္စ။ ဒါလည်းပဲ စီးပွားရေးလုပ်ငန်းတွေအကြား ယုံကြည်မှုကိုထိခိုက်သွားတာပါ။ ဒီလိုသာ စစ်ကောင်စီက ဝင်ရောက်စွက်ဖက်နေရင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ စီးပွားဖက်ပါတနာတွေလည်း ထွက်ပြေးကုန်ပါလိ့မ်မယ်။ သတ်မှတ်ချိန်အကြွေးမဆပ်ရင်၊ အတိုးမပေးရင် ရပ်ကွက်ထဲတောင် ငွေချေးလို့မရပါဘူး။ နိုင်ငံချင်းကူးလူးဆက်သွယ်ပြီး လုပ်နေကြတဲ့ လုပ်ငန်းကြီးတွေက ပိုဆိုးပါတယ်။ ဒါမျိုးအကျိုးဆက်ကိုသိပေမယ့် ဒေါ်လာလိုအပ်ချက်ကြီးလွန်းလို့ မဖြစ်မနေလုပ်ရတဲ့မူဝါဒမှန်း သိသာပါတယ်။


ဒီလိုပဲ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ မြေပဲ တင်ပို့မှုတွေကိုလည်း ဒေါ်လာနဲ့သာ အရောင်းအဝယ်လုပ်ကြဖို့ ၊ ဝယ်လက်ဆီက ငွေရကြောင်း အထောက်အထားပြနိုင်မှ လိုင်စင်ခွင့်ပြုပေးဖို့ဆိုတာတွေ လုပ်ပါတယ်။ ဒီတစ်ချက်တည်းနဲ့တင် ပြည်ပဝယ်လက်က မြန်မာကုန်သည်ဆီက ဝယ်တော့မလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ကိုယ်ဆိုရင်ရော အဲဒီလိုရောင်းသူဆီက ဝယ်မလားဆိုတာ စဉ်းစားစရာပါ။ တစ်ချက်ရှိတာက ကုန်သည်တွေက ရရှိလာတဲ့ ဒေါ်လာတွေကို ၁၈၅၀ နဲ့ ပြန်သွင်းရမှာစိုးလို့ စစ်ကောင်စီကို တစ်ပတ်ရိုက်ပြီး ပို့ကုန်ငွေတွေကို နိုင်ငံခြားဘဏ်တွေမှာပဲ ထားလို့ ဒီလိုမူဝါဒမျိုးချတာလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ 


ဘယ်လိုပဲဖြစ်ဖြစ် ဒီမူဝါဒတွေက ပြည်သူတွေအတွက်တော့ ဘာမှ ကောင်းကျိုးမဖြစ်ပါဘူး။ စစ်ကောင်စီက ဒေါ်လာရရေးလုပ်နေတာပါ။ ဒီတော့မေးခွန်းက ဘာတွေဆက်ဖြစ်လာမလဲဆိုတာပါပဲ။ 


ပြည်သူပိုင်သိမ်းမှာလား


အဖြေကတော့ စီးပွားရေးအရ အခုထက်ထိ ပိုကျပ်တည်းလာပါလိမ့်မယ်။ ဒေဝါလီခံဖို့အထိကတော့ မဖြစ်သေးနိုင်သေးပါဘူး။ ဒါက စစ်ကောင်စီကစီမံခန့်ခွဲမှုတွ တော်လွန်းလို့မဟုတ်ဘဲ မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည်အားက မြင့်နေလို့ပါ။ မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည်မြင့်မှုကို နာဂဏ်နဲ့ ကိုဗစ်ကိစ္စတွေမှာ ကမ္ဘာကတောင် အသိအမှတ်ပြုထားရတာပါ။ 


ဒေဝါလီမခံရဘူးဆိုပေမယ့်လည်း စီးပွားရေးကတော့ လက်ရှိအခြေအနေထက် ပိုဆိုးနေဦးမှာပါ။ သွင်းကုန်တွေ ဈေးကြီးလာပါမယ်။ စက်သုံးဆီနဲ့ ဂတ်စ်လိုကိစ္စမျိုးကို စစ်ကောင်စီက သတိထား ကိုင်တွယ်ပါလိမ့်မယ်။ FDI တွေလည်း ထွက်မှာပါ။ ပြည်တွင်းမှာတော့ မဖြစ်မနေလုပ်ငန်းတေွ ကျန်ခဲ့ပါလိမ့်မယ်။ ဒါတွေနဲ့ပဲ ဆက်ပြီး စခန်းသွားနေရမှာပါ။ လူတွေကလည်း အလုပ်အကိုင်တွေရှားနေပြီး ဝင်ငွေတွေလည်း လျော့နည်းနေဦးမှာပါ။ 


ဒါပေမယ့် စစ်ကောင်စီက ပြည်သူပိုင်သိမ်းမလားဆိုတဲ့ မေးခွန်းတွေလည်းရှိပါတယ်။ ပြည်သူပိုင်းသိမ်းဖို့တော့ မရှိဘူးလို့ ဆိုပါရစေ။ အခြေခံဥပဒေပုဒ်မ ၃၆(ဃ)မှာ စီးပွားရေးဆိုင်ရာ လုပ်ငန်းများကိုနိုင်ငံပိုင် သိမ်းယူခြင်းမပြု ဆိုပြီး ဖော်ပြထားပါတယ်။ ပြည်သူပိုင်မသိမ်းဘူးလို့ပြောတာဟာ စစ်ကောင်စီအပေါ်ယုံကြည်လွန်းလို့မဟုတ်ဘဲ အခြေခံဥပဒေမှာ ဒီလိုအထင်အရှားဖော်ပြထားတာကိုတော့ သူတို့မချိုးဖောက်ရဲဘူးလို့ မြင်လို့ပါ။ 


ဒါဖြင့် ထွက်ပေါက်က ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။


နှစ်ခုရှိပါတယ်။ တစ်ခုက ပြည်သူမကြိုက်တဲ့ကိစ္စပါ။ အဲဒါက ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရတစ်ရပ်တက်လာတဲ့အခါဖြစ်ပါတယ်။ လက်ရှိအခြေအနေထက်တော့ အနည်းငယ်အသက်ရှုချောင်သွားပါလိမ့်မယ်။


နောက်တစ်ခုကတော့ တော်လှန်ရေးကြီးအောင်မြင်ပြီး ပြည်သူတင်တဲ့အစိုးရတက်လာရင်ဖြစ်ပါတယ်။ ဒါကတော့ ပြည်သူတွေပါ ပါဝင်မယ့်ကိစ္စမို့ ပေးဆပ်ရတာကြီးမားသလို ရလဒ်ကလည်းကြီးမားပါလိမ့်မယ်။ 


ဘယ်နည်းကိုပဲကြိုက်ကြိုက်၊ ကြိုက်တဲ့နည်းလမ်းကို ရွေးချယ်ကြဖို့ပဲ ဖြစ်ပါတယ်။ 



                                                                                                                        ညိုထွန်း


Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေး ဘယ်လိုအစပြုခဲ့လဲ

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း