ပစ္စန္တရစ်တွင် ရေတင်ခြင်း (ခေတ်အလင်း)
ဖြတ်ခနဲ မီးလင်းလာသောအခါ ချက်ချင်းပင်နိုးသည်။ ဘေးတွင်မူ ဇနီးသည် သည် အကြောင့်အကျမဲ့ အိပ်ပျော်နေဆဲရှိပါသေးသည်။ အိပ်ရာမှ မထသေးဘဲ ဖုန်းဖြင့်ပင် နာရီကိုကြည့်သည်။ မနက်တစ်နာခွဲပါပကော။
ယခင်ကမူ မီးဖွင့်၍မအိပ်။ မီးပြတ်ပြီး ပြန်လာချိန်တွင် မီးအားဆောင့်တက်၍ အန္တရာယ်ဖြစ်မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ ယခုတော့ ညအိပ်လျှင် မီးတစ်ပွင့်တော့ ဖွင့်ထားရသည်။ဒါမှသာ မီးလာလျှင်သိမည်။
မီးလာပြီဖြစ်သည်။ရေမောင်းရန် ထရပေတော့သည်။ ရန်ကုန်တွင်နေသည်မှာ မွေးစကပင်ဖြစ်ရာ မြို့ပြပါးဝသည်ဟု ပြောလျှင်ရပေသည်။ မြို့ပြအထာအားလုံးနီးပါးကို နပ်နေပြီ။ ယခုလပိုင်းတွင် မီးသည်ခဏခဏလာသည်။ သို့မဟုတ် ခဏခဏပြတ်သည်။ ယခင်ကထက် ပိုပြတ်သည်။ လာလျှင်လည်း မှိတ်တုပ်မှိတ်တုပ်ဟု ပြော၍ရသည်။ မီးလာသည်။ နှစ်မိနစ်ခန့်ကြာလျှင် ပြန်ပြတ်သည်။ ထိုနောက် ပြန်လာသည်။ ပြန်ပြတ်သည်။ နောက်ပိုင်းတွင်မူ မလာတော့ချေ။
တွေးနေဆဲပင် မျက်စောင်းထိုးအိမ်ဆီမှ ရေစက်သံတဖုန်းဖုန်းကို ကြားရသည်။ အင်း... ရေတင်နေကြပြီပဲ။ အိပ်ရာကလူးလဲထသည်။ ရေစက်ကို ဖွင့်သည်။ ရေစက်သံကိုကြားရသည်။ စက်သံကို နားစွင့်သည်။ စက်သံမှန်သည်။ အိုကေပါပြီ။
ညဦးကတည်းကပင် အောက်ဆုံးထပ်ရှိရေကန်တွင် ရေမည်မျှကျန်ရှိသည်ကို ကြည့်ထားပြီးဖြစ်ရာ အောက်ကန်ပြည့်ရန် အနည်းဆုံး ၄၅ မိနစ်ခန့်တော့ ရေတင်ရပေမည်။အောက်ကန်ပြည့်လျှင် အလယ်ထပ်ကရေကန်၊ နောက်ဆုံးကျမှ အပေါ်ဆုံးရှိ မိမိတို့သုံးစွဲသည့်ရေကန်ကို ဖြည့်ရပေမည်။
ဤမြို့တွင် အနှစ် ၃၀ နီးပါးနေလာခဲ့သော်လည်း ညနက်သန်းခေါင် ရေထတင်ရမည်ဟု ယောင်လို့မျှပင် စိတ်မကူးမိခဲ့။ တစ်ခါမျှလည်း ထိုသို့မလုပ်ခဲ့ရ။
ညဦးကတည်းကပင် ရေမောင်း၍ထရပါက စာရေးမည်ဟု အားခဲထားရာ အိမ်ရှေ့ ဝရန်တာပန်းခြံတွင် ကုလားထိုင်ချသည်။ ယပ်တောင်ယူသည်။ ဝရန်တာတွင် လေသည်တဟူးဟူးတိုက်လျှက်ရှိသည်။ ယပ်တောင်ကမူ ခြင်ခတ်ရန်ဖြစ်သည်။
လမ်းထဲတွင် ကိုယ့်လိုရေမောင်း သူများရှိသည်။ဤအရပ်တွင် အဆောင်များပေါများလှသည်။ အဆောင်များသည် တပိုင်တနိုင်စီးပွားရေးလည်းဖြစ်သည်။ အဆောင်ဖြစ်၍ လူများသည်။ လူများ၍ ရေကုန်သည်။ ထို့ကြောင့် မီးလာချိန်ဝီရိယထား၍ ရေမောင်းကြသည်။ ရေတင်သံကြောင့် အများသူငှာ အနှောင့်အယှက်ဖြစ်မည်ကို စိတ်ပူရန်မလိုပေ။စနစ်ပျက်သည့် ခေတ်ကျပ်ကြီးတွင် အရပ်ကလည်း နားလည်မှုရှိကြပေသည်။ ကိုယ်ကလည်း နားလည်မှုရှိရှိ လုပ်တတ်ကိုင်တတ်ဖို့လိုသည်။
အဆောင်များက ရေတင်သည်ဆိုရာတွင် ငါးမူး တစ်ကောင်အား စသည့်မော်တာများဖြင့်ရေတင်ခြင်းမဟုတ်။ မော်တာဖြင့်တင်လျှင် နွေရာသီ ရေခန်းချိန်တွင် ကြက်သေးပေါက်သလောက်သာ ရေကရသည်။ ထို့ကြောင့် ကွန်ပရက်ဆာများဖြင့် တင်ကြခြင်းဖြစ်သည်။
မြေအောက်ရေခန်းမည်ကို စိုးရိမ်သော်လည်း မတတ်နိုင်။ အစိုးရလည်း မျက်နှာကြီးရာဟင်းဖက်ပါဆိုသလို ဆာ့ဂျ်ပန်၏ FMI အိမ်ရာမှလွဲ၍ အခြားနေရာသို့ ဂျိုးဖြူရေမဖြန့်နိုင် ရေကလည်းမသုံး၍မရ ထို့ကြောင့်အိမ်တိုင်းပင် အဝီစိတွင်းတူးကြရလေသည်။ အိမ်တိုင်းရေတွင်းရှိ၍ ရေတန်ဖိုးကိုနားမလည်။ ရေဆိုသည်မှာ မြေကြီးထဲက အလကားရသည်ဟုထင်ကာ ပေါပေါသီသီပင်သုံးကြသည်။ ယခုအခါ လူ့အလိုကို ရေကမလိုက်နိုင်တော့ ။ နွေရာသီတွင် မြေအောက်ရေခန်းသည်မှာ ငါးနှစ်ခန့်ပင်ရှိပေတော့မည်။
၉၀ ပြည့်လွန်နှစ်များဆီက ဤမြို့ကို စတည်ခဲ့သည်။ ရေအတွက် လမ်းထောင့်များတွင် ရေတုံကင်ခေါ် လက်နှိပ်အဝီစိတွင်းများ ထားရှိပေးသည်။ ထိုရေကို တန်းစီ၍ သွားခပ်ကြရသည်။ မြို့ပြရေခပ်ဆင်းချိန်သည် ညနေပင်ဖြစ်သည်။ နောင်အခါတွင် ငွေရှိသူများက ကိုယ်ပိုင်အဝီစိတွင်း တူးကြသည်။ ထို့နောက်တွင် ရေတစ်ထမ်းဘယ်လောက်ဟု သတ်မှတ်ကာ ပြန်ရောင်းစားကြသည်။ နောက်ဆုံးတွင် အစိုးရ ရေတုံကင်ကွက်များကို ဥက္ကဌများက အစဖျောက်လိုက်ကြသည်။ မြေတန်ဖိုးတက်လာသည်နှင့်အမျှ ရောင်းစားလိုက်ကြခြင်းဖြစ်သည်။ ပန်းခြံကွက်များပင် အဆစ်ပါသွားသေးသည်။လျှပ်စစ်မီးရသောအခါ လမ်းနှင့်မလွတ်၍ဆိုကာ လူတစ်ဖက်စာ အရိပ်ရ ကုက္ကိုလ်ပင်များ ပေါက်ပန်းဖြူပင်များကိုလည်း ရောင်းစားကြပြန်သည်။ နာဂစ်ဖြစ်ပြီးနောက် ပြိုလဲသောသစ်ပင်တိူ့ကို ဗန်းပြ၍ မပြိုလဲသောသစ်ပင်တို့ကိုပါမချန် ရောင်းစားကြပြန်သည်။ ထိုဒဏ်များကြောင့်ပင် ယခုအခါ နွေရာသီရောက်ပါက မြို့နေလူထုမှာ ကြက်ကိုမီးကင်သလိုပင် ခံစားကြရရှာ၏။
ယခုအခါ အစိုးရမင်းများ ကျေးဇူးကြီးလှ၍ ညအခါမီးလာလျှင် ရေတင်ရန်နိုးနေရသည်။ အိမ်ပတ်လည်နှင့် ပတ်ဝန်းကျင်ကို သူခိုးသူဝှက် ကပ်မကပ်ကြည့်ရ၏။ ခေတ်ကာလမှာ အာဏာသူခိုးတွေ ခေတ်ထနေချိန်ဖြစ်ရာ ဝမ်းရေးအတွက်ခိုးသူများကိုကား အဘယ်အပြစ်တင်ရတော့မည်နည်း။ သူခိုးခိုးခံရ၍လည်း မည်သူ့ထံသွားတိုင်မည်နည်း။ သူခိုးကြီးများထံသို့သာ သွားတိုင်ရပေမည်။ ထိုအခါ တိုင်ကြေးတန်းကြေးကုန်သည်မှလွဲ၍ အခြေအနေကားထူးမည်မဟုတ်။ ကိုယ့်ဥစ္စာကား ပြန်ရရိုးမရှိ။ ကိုယ့်ပစ္စည်းကိုယ် လုံခြုံရေးသာ သတိမပြတ်ထားရချေသည်။ ခေတ်ကား သူဌေးတွေလည်း မလုံခြုံ နင်းပြားတွေလည်း မလုံခြုံသည့်ခေတ်ပေကိုး။
သုံးရေပြီးလျှင် သောက်ရေအတွက်ကား ဝယ်ရပေမည်။ အစိုးရမင်းများကောင်းမှုကြောင့် စက်သုံးဆီစျေး စားအုန်းဆီစျေးနှင့် အထွေထွေကုန်စျေးနှုန်းတက်သည့်အထဲ ရေသန့်စျေးပါမကျန် စျေးတက်သည်။အစစအရာရာ စျေးတက်အောင်လုပ်နိုင်မှ အစိုးရဖြစ်ကြေးဆိုလျှင် ဒီလူတွေပင် ဗိုလ်ဆွဲပေလိမ့်မည်။
ညနက်သန်းခေါင်အိပ်ရာထရ၍ မထော်မနန်းအတွေးတွေ တွေးမိနေသည်လားတော့မပြောတတ်။ ဘာပဲဖြစ်ဖြစ် ပန်းပန်၍သာ ဖမ်းချင်ဖမ်းနိုင်ပေလိမ့်မည်။ ကိုယ့်စိတ်ထဲက တွေးရုံမျှဖြင့်တော့ ဒီလူတွေမဖမ်းနိုင်ဟု ယုံကြည်ကာ ဒင်းတို့မကောင်းကွက်များကို စေ့စေ့တွေးလေသည်။ စာအလိုအရသာလျှင် စေ့စေ့တွေးသည်ဆိုသော်လည်း ထိုသို့တွေးရန်ပင်မလို။ ဒင်းတို့မကောင်းမှုတွေ ယုတ်မာမှုတွေများလွန်း၍ ရေးရင်းဖြင့် လက်သာပြတ်ကျမည်။ရေးစရာကားမကုန်ပေ။
ဤသိူ့ဤနှယ် တွေးရင်း ရေးရင်းဖြင့်ပင် နာရီကိုကြည့်သည်။ အချိန်သည်ပင် မနက်သုံးနာရီထိုးတော့မည်။ အပေါ်ကန်သည်ပင် ပြည့်ပေတော့မည်။
စက်ကိုပိတ်သည်။ ကွန်ပရက်ဆာကို လေဘားလျှော့ရန် အောက်ထပ်သို့ဆင်းခဲ့သည်။ အောက်ထပ်ရှိအခန်းတချို့မှာ မီးများလင်းနေသည်။ အခန်းတစ်ခန်းရှေ့မှအဖြတ် အိမ်ငှားများကို နှုတ်ဆက်သည်။
"တရေးနိုးတာလားဗျ..."
"မဟုတ်ပါဘူးဟယ် ထမင်းထချက်နေတာ မနက်ကျရင် မီးကဘာမှန်းမသိဘူးလေ"
ဤသည်ကား ရပ်ပြစ်ရှစ်ပါးတွင်တစ်ပါးပါဝင်သည့် မြန်မာနိုင်ငံဟုခေါ်သော ပစ္စန္တရစ်အရပ်တွင် နေထိုင်ရသူများ၏ သောကများပင်ဖြစ်ချေတော့သည်။
စာပြီးချိန် 3:00 Am
15.3.2022
ညိုထွန်း
Comments
Post a Comment