အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း




 ကမ္ဘာကြီးကတော့ စီးပွားပျက်ကပ် ဆိုက်ရောက်တော့မလားဆိုပြီး ကြိုတင်ပူပန်နေရပါပြီ။ 


ရုရှား-ယူကရိန်း ကျူးကျော်စစ်ဒဏ်ကြောင့် ရုရှားပြည်သူတွေ ဒေဝါလီခံကြလွန်းလို့ ကြွေးရှင်တွေလည်း ကြွေးမရမှာကိုတွေးပြီး ပူတင်ကို ပြောရပါတော့တယ်။ ဒီလိုနဲ့ ရုရှားမှာဆို အခုနှစ် ဧပြီလကနေ အောက်တိုဘာလကုန်အထိတော့ ဒေဝါလီခံတာကို တားမြစ်မိန့်ထုတ်ထားရပါတယ်။ 


ဒီလိုပဲ ရုရှား-ယူကရိန်းစစ်ကြောင့် အီးယူကလည်း အတော်ပဲ အခက်တွေ့နေရတာပါ။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ဆို သူ့ပြည်သူတွေကို လျှပ်စစ်မီးကိစ္စတောင့်ခံကြဖို့ ကြိုမှာထားရပါတယ်။ တဖက်မှာလည်း အမေရိကန် ဗဟိုဘဏ်အတိုးနှုန်းလျှော့ချလိုက်တာကလည်း လူပြောစရာဖြစ်နေသလို အိမ်နီးချင်း သီရိလင်္ကာကတော့ ကြေးနွံနစ်၊ စီးပွားပျက်ပြီး သမ္မတတောင် ထွက်ပြေးသွားရတာပါ။ 


မြန်မာ့စီးပွားရေးကိုကြည့်တော့လည်း ပြီးခဲ့တဲ့ ၂၀၂၁ မှာ စီးပွားရေးက ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ အခုနှစ်မှာ ၃ ရာခိုင်နှုန်းလောက် ပြန်တက်မယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။ 


ကမ္ဘာ့ဘဏ်ရဲ့ကိန်းဂဏန်းတွေက မျက်စိရှုပ်ဖို့ကောင်းသလို သာမန်နိစ္စဓူဝလှုပ်ရှားရုန်းကန်နေရတဲ့ ပြည်သူတွေအတွက်လည်း နားလည်ဖို့ခက်ပါတယ်။ ဒါပေမယ့် ကမ္ဘာဘဏ်ပြောတာကို အနှစ်ချုပ်ရင် မြန်မာ့စီးပွားရေးဟာ ဆိုးဆိုးရွားရွားအခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ ဒါတော့  ပြည်သူတွေလည်း လက်ခံကြမှာပါ။ ဒီတော့ စီးပွားရေးကျပ်တည်းတဲ့ကာလမှာ ဘယ်လိုစီးပွားရေးကို လုပ်ကြမလဲဆိုတာ ခေါင်းကိုက်ရတဲ့ကိစ္စဖြစ်လာပါတယ်။ 


“ဟာ ဒီလောက်စီးပွားရေးကျပ်တည်းနေတာ ဘာလုပ်လုပ် အဆင်ပြေမှာမဟုတ်ဘူး”လို့ တချို့က စိုးရိမ်တကြီးပြောကြတာလည်းရှိပါတယ်။ ဒါ့ဖြင့် စီးပွားရေးကျပ်တည်းနေချိန် ဘာမှမလုပ်ဘဲ ရှိတဲ့ငွေနဲ့ ထိုင်စားနေရမှာလား။ ဒါမျိုးလည်း မဟုတ်ပါဘူး။ ရှိတဲ့ငွေကလည်း တန်ဖိုးကျလွန်းတော့ လက်ထဲကိုင်ထားလေ တန်ဖို့လျှော့လေမို့ ရေရှည်ကျ အဆင်ပြေမှာမဟုတ်ပါဘူး။ 


ဒီတော့ အလုပ်တော့လုပ်ရပါလိမ့်မယ်။


ဒါဖြင့် ဘာစီးပွားရေးလုပ်ရမလဲ။ ဘယ်လိုစီးပွားရေးတွေက အလုပ်ဖြစ်မလဲဆိုတဲ့ မေးခွန်းပေါ်ထွက်လာပါတယ်။ ဒီမေးခွန်းနှစ်ခုက ဆက်စပ်နေပြီး အဖြေကတော့ အတူတူပဲဖြစ်ပါလိမ့်မယ်။ 


စိတ်ဓာတ်မကျနဲ့ဦး


စီးပွားပျက်ကပ်ဆိုက်တာ၊ ကမ္ဘာစစ်ကြီးတွေဖြစ်တာ၊ ကပ်ရောဂါကြီးတွေဖြစ်တာတွေဟာ သမိုင်းမှာကြုံဖူးနေကြပါ။လူတွေဟာ ဒီလိုအခြေအနေဆိုးကြီးထဲကနေ လူးလဲထပြီး  ဒီနေ့အခြေအနေကို တည်ဆောက်ခဲ့တာပါ။ 


ကမ္ဘာ့စီးပွားပျက်ကပ်၊ နိုင်ငံစီးပွားပျက်ကပ်စသည် ဖြင့်ရှိပါတယ်။ ဒါပေမယ့် ဒီလိုစီးပွားပျက်ကပ်ကြုံတာဟာ ကမ္ဘာကြီးထဲက ဒါမှမဟုတ် နိုင်ငံထဲက စီးပွားရေးလုပ်ငန်းတွေအားလုံး(အားလုံး) စီးပွားရေးကျဆင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ တချို့နယ်ပယ်တွေကတော့ ပိုလို့တောင် စီးပွားရေးကောင်းလာတာဖြစ်ပါတယ်။ 


ဥပမာပြောရရင် ၂၀၀၈ စီးပွားပျက်ကပ်ကြီးအတွင်းမှာ ချောကလက် သကြားလုံးတွေထုတ်တဲ့ Candy Industry ဟာ ဖွံ့ဖြိုးလာပါတယ်။ ဈေးမကြီးတာက ခေတ်အခြေအနေနဲ့ ကိုက်ညီသလို တခြားအကြောင်းတွေလည်း ရှိပါတယ်။ ချောကလက်ထုတ်တဲ့ Cadbury ဆို ရောင်းအား ၃၀ ရာခိုင်နှုန်းတက်သွားပါတယ်။ နာမည်ကြီး Nestleကတော့ အဲဒီကာလမှာ ၁၁ ရာခိုင်နှုန်းရောင်းအားတက်ပါတယ်။ 


 ကလေးကစားစရာအရုပ်တွေရောင်းတဲ့ Lego လည်း ထို့အတူပါပဲ။ Lego ဆို ကမ္ဘာ့ဈေးကွက်ကို ချိတ်ဆက်ဖို့ အဲဒီအချိန်ကြီးမှာမှ ဆုံးဖြတ်ခဲ့တာပါ။ ၂၀၀၈ စီးပွားပျက်ကပ်မှာ ကြီးထွားခဲ့တဲ့ နောက် နယ်ပယ်တစ်ခုကတော့ နည်းပညာနယ်ပယ်ပါ။ ဥပမာပြောရရင် TeamLogic IT ဖြစ်ပါတယ်။ 


ဒီတော့ စိတ်ဓာတ်မကျပါနဲ့ဦး။  စီးပွားပျက်ကပ်မှာ ဘယ်လုပ်ငန်းတွေလုပ်လို့ သင့်လျော်မလဲဆိုတာ ကြည့်ရအောင်ပါ။ 


(၁)ဈေးမကြီးတဲ့ကုန်ပစ္စည်း


စီးပွားရေးကျပ်တည်းရင် အလုပ်အကိုင်တွေရှားပြီး ဝင်ငွေတွေ လျော့သွားတတ်တဲ့သဘောရှိပါတယ်။ ဝင်ငွေနည်းသွားတော့ လူတွေဟာ ချွေတာလာကြတယ်။ ချွေတာတဲ့အခါ ဈေးမကြီးတဲ့ကုန်ပစ္စည်း ဒါမှမဟုတ် အရည်အသွေးမတိမ်းမယိမ်းနဲ့ဈေးသက်သာတဲ့ပစ္စည်းတွေကို ဝယ်ကြပါတယ်။ 


ဒါ့ကြောင့် ဈေးမကြီးတဲ့ကုန်စည်တွေဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် သူ့ဈေးကွက်နဲ့သူ ရှိတတ်ပါတယ်။ 


ဥပမာပြရရင် လူတွေစီးပွားရေးကြပ်တည်းတဲ့ အာဏာရှင်ဦးသန်းရွှေခေတ်က ရောင်းအားကောင်း စားသောက်ကုန်တွေဖြစ်တဲ့ ဇိမ် ဂျင်းဇီးပြား၊ ကွာစေ့။ လက်ရှိခေတ်အထိတိုင် လုပ်ငန်းချဲ့ထွင်နေတဲ့ ကုလားလေး မဆလာ၊ နောက် ရှူးရှဲ လက်ဖက်တို့ရဲ့ ဥပမာကိုကြည့်ရင် ဈေးမကြီးတဲ့ ကုန်ပစ္စည်းတွေဟာ စီးပွားရေး ကျပ်တည်းမှုရဲ့ စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်တာ တွေ့ရပါတယ်။ 


အရည်အသွေးမတိမ်းမယိမ်းနဲ့ ဈေးနှုန်းသက်သာတဲ့ကုန်ပစ္စည်းတွေလည်း ဒီလိုအချိန်မှာ စဉ်းစားသင့်ပါတယ်။  


(၂)ပြင်ဆင်ထိန်းသိမ်းတဲ့ ဝန်ဆောင်မှုလုပ်ငန်း


နားမရှုပ်သွားပါနဲ့။ ပျက်နေတာတွေကို ပြင်ပေးတဲ့လုပ်ငန်းတွေ၊ မပျက်သေးတာကို ရေရှည်သုံးနိုင်အောင် ထိန်းသိမ်းပေးတဲ့လုပ်ငန်းတွေကို ပြောတာပါ။ ပစ္စည်းတစ်ခုပျက်သွားရင် ဝင်ငွေမကောင်းတော့ အသစ်မဝယ်နိုင်ခင် ပြင်ကြည့်မယ်ဆို ဒီလိုဆိုင်တွေကို ရောက်ရတာပါပဲ။ 


အရင် ဦးသန်းရွှေခတ်မှာဆိုရင်တော့ ထီးပြင်၊ ဖိနပ်ပြင်၊ မီးခြစ်ဂတ်စ်ထည့်လုပ်ငန်း၊ နောက်လုပ်ငန်းတစ်ခုက ကျောမှာဘုကြီးပါတဲ့လူလို တီဗီတွေကို ပြင်တဲ့ဆိုင်တွေ ခေတ်စားပါတယ်။ 


အခုခေတ်ဆိုရင်တော့ LCD, LED, Plasma, Android, Smart TV ပြင်ဆိုင်တွေမျိုးပေါ့။ ကွန်ပျူတာ၊ လက်ပ်တော့၊ ဖုန်းပြင်ဆိုင်တွေလည်း ဖြစ်နိုင်ပါတယ်။ အဲကွန်း၊ ရေခဲသေတ္တာပြင်ဆိုင်တွေလည်း ဖြစ်နိုင်ပါတယ်။ 


ဘယ်ဈေးကွက်မှာ ဖောက်သည်လိုအပ်ချက်ရှိနေလဲဆိုတာကို ကြည့်ပြီး ခေတ်အခြေအနေနဲ့ လိုက်လျောညီထွေလုပ်ကြဖို့ပါပဲ။  


(၃)တစ်ပတ်ရစ်ဈေးကွက်


လူတွေဝင်ငွေလျာ့လာတော့ အသုံးအစွဲလျှော့ကြမယ်။ မလိုရင် အသစ်မဝယ်ဘူး။ ဈေးသက်သာတဲ့ အဟောင်းကိုပဲ ဝယ်ကြမယ်။ ဒီတော့ အဲဒီလိုလုပ်ငန်းတွေက ဒီကာလမှာ စဉ်းစားသင့်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ 


ဘေထုပ်လို့ခေါ်တဲ့ (Vantage/Thrift )တစ်ပတ်ရစ် အဝတ်အထည်တွေရောင်းတာ၊ ဂျပန်ကျ တီဗီ၊ ရေခဲသေတ္တာတွေရောင်းတာ၊ နောက် ကားပစ္စည်းအဟောင်းတွေ ပြန်ရောင်းတာ၊ တစ်ပတ်ရစ် ဆိုင်ကယ်ရောင်းတာတွေမျိုးပါ။ ဒါတွေက ဥပမာပြောတာပါ။ တခြားလည်းရှိနိုင်ပါသေးတယ်။ 


လူတွေကတော့ ဝင်ငွေနည်းနေချိန် လိုအပ်လို့ဝယ်ရမယ်ဆို အသစ်မဝယ်နိုင်ရင် အဟောင်းတော့ ဝယ်ကြပါလိမ့်မယ်။ 


(၄)သွင်းကုန်အစားထိုးလုပ်ငန်း


ဒီလုပ်ငန်းတွေကိုမလုပ်ခင်မှာ စီးပွားရေးမူဝါဒတွေကိုတော့ တစ်ချက်ကြည့်ဖို့လိုပါတယ်။ သွင်းကုန်တွေ ပိတ်တယ်၊ FDI တွေထွက်တယ်ဆိုရင်တော့ ဒါက အသုံးတည့်ပါလိမ့်မယ်။ အခုပိတ် သိပ်မကြာပြန်ဖွင့်သလို မူဝါဒမတည်ငြိမ်တဲ့ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာတော့ ပိုပြီးသတိထားရပါမယ်။ 


ဦးသန်းရွှေခေတ်မှာ ပြည်ပက သွင်းကုန်တေွတချို့ပိတ်ထားတော့ ပြည်တွင်းထုတ် ကုန်စည်တွေ ရောင်းကောင်းပါတယ်။ ဥပမာပြောပါမယ်။ VeVe အချိုရည်၊ ကိုရာစနိုး၊ ရွှေပြည်နန်း။


ဥပမာတစ်ခုထပ်ပြောပြရရင် ပြည်ပကမုန့်တွေတင်သွင်းတာကို မပိတ်ပေမယ့် သွင်းကုန်လိုင်စင်လျှောက်ရတာကို တင်းကြပ်မယ်၊ဒါမှမဟုတ် နယ်စပ်မှာ အစစ်အဆေးတွေများ၊ လိုင်းကြေးတောင်းတာတွေ သိပ်များရင် ဘာဆက်ဖြစ်မလဲ။ ဒါဆိုပြည်တွင်းကထုတ်တဲ့ Good Morning , ဝမ့်ဝမ့်၊ ရွှေနဂါးတို့လို မုန့်တွေရဲ့ရောင်းအားက တက်သွားမယ့်သဘောရှိပါတယ်။ 


နောက်တစ်ခုက ပြည်ပက လုပ်ငန်းတချို့ထွက်သွားတဲ့အခါ သူတို့နေရာဝင်ယူလိုက်တာမျိုးပါ။ ဂျာမနီလက်လီကုမ္ပဏီ METRO ပြည်တွင်းကထွက်သွားတဲ့အခါ ပြည်တွင်းတခြားဈေးဝယ်စင်တာတွေက သူ့ဈေးကွက်ကို ဝင်ယူတာမျိုးပါ။ 


KFC, Lotteria , CP တို့ ပြည်တွင်းမှာ ကြက်ကြော်မရောင်းတော့ဘူးဆိုရင် ဘားမားကြက်ကြော်ဆိုပြီး ရောင်းဖို့ပါပဲ။ ဒီလောက်ပဲလွယ်သလားဆိုရင် ဒီလောက်မလွယ်ပေမယ့် ဈေးကွက်သဘောအရတော့ အဲဒီလိုပါ။ 


အဓိကပြောချင်တာကတော့ သွင်းကုန်ပိတ်သွားရင်၊ FDI တွေထွက်သွားရင် သူတို့ဈေးကွက်ကို ဝင်ယူနိုင်မယ့် ကုန်ပစ္စည်းထုတ်လုပ်ဖို့ပါ။ ဒါဟာ သွင်းကုန်အစားထိုးလည်းဖြစ်လို့ မူဝါဒချမှတ်သူတွေဆီက ဥပဒေနဲ့အညီ မက်လုံးလည်း ရနိုင်ပါတယ်။ 


(၅)အဖျော်ယမကာဈေးကွက်


ဈေးကွက်သဘောအရတော့ စီးပွားရေးကျပ်တည်းချိန်မှာတောင် အဖျော်ယမကာက အခြေအနေကောင်းပါတယ်။ အထူးသဖြင့် ဈေးပေါတဲ့ယမကာတွေပါ။ 


လူတွေဟာ စီးပွားရေးကျပ်တည်းချိန်မှာ ဈေးပေါတဲ့ယမကာကိုပဲ စိတ်ထွက်ပေါက်အနေနဲ့ သောက်ကြရာက စွဲလန်းသွားတာပါ။ ဒါ့ကြောင့်လည်း ခေတ်အဆက်ဆက် ပန်းပန်နေတဲ့ဈေးကွက်ပါ။ ဒါက ဈေးကွက်သဘောတရားအရ ပြောတာပါ။ လုပ်ဖို့တိုက်တွန်းတာမဟုတ်ပါဘူး။ ခံယူချက်အမျိုးမျိုးရှိကြတာမို့ ကိုယ့်ရူထောင့်နဲ့ကိုယ် ၊ ကိုယ့်ခံယူချက်နဲ့ကိုယ် ဆုံးဖြတ်ကြဖို့ပါ။ 


အချိုရည်လုပ်ငန်းကတော့ အရက်လောက်တော့ အမြတ်မကြီးပါဘူး။ လုပ်မယ်ဆိုရင်တော့ ဈေးကွက်ဝေစုဘယ်လိုယူမလဲစဉ်းစားဖို့ ကျွမ်းကျင်သူတွေရဲ့ အကူအညီယူရပါလိမ့်မယ်။ 


အိမ်ရှေ့မှာ ရေခဲခြစ်ဆိုင်ဖွင့်မယ်ဆိုလည်း ရပါတယ်။ အမြတ်မများသလို မတတ်သာလို့ ရှုံးလည်းနည်းနည်းပါပဲ။ ရေခဲချောင်းလုပ်ပြီး မြို့အနှံ့ ဖြန့်ချိတာမျိုးလည်း စဉ်းစားသင့်ပါတယ်။ 


(၆)စားသောက်ကုန်လုပ်ငန်း


စားသောက်ကုန်လုပ်ငန်းကတော့ မရှိမဖြစ်မို့ စီးပွားရေးကျကျ၊တက်တက် ရှိနေတာပါပဲ။ ဒါပေမယ့် စီးပွားရေးကျပ်တည်းတဲ့အချိန်မှာ လုပ်ကိုင်ရမယ့် စားသောက်ကုန်လုပ်ငန်းကတော့ ပုံစံနည်းနည်း ပြောင်းသွားနိုင်ပါတယ်။ 


စီးပွားရေးကျဆင်းနေချိန်ဖြစ်လို့  ပိုပြီးဈေးနည်းတဲ့ စားသောက်ကုန်ဖြစ်လေ၊ လူအများလက်လှမ်းမီတဲ့ဈေးဖြစ်လေ အများစုနဲ့သင့်လျော်လေပါပဲ။


ဒါမှမဟုတ် Bule Ocean Strategy သုံးပြီး မုန့်ဟင်းခါးတစ်ပွဲ တစ်သောင်းကျော်ရောင်းလည်း ကိုယ့်ဈေးကွက်နဲ့ကိုယ်ပါပဲ။  


တပိုင်တနိုင်နဲ့ မိသားစုစီးပွားရေးအတွက် အရင်းနည်းနည်းလုပ်ငန်းမျိုးဆိုရင်တော့ ကုန်ခြောက်ဆိုင်၊ ထမင်းဆိုင်လိုမျိုးလည်း အဆင်ပြေပါတယ်။ ဈေးကွက်ရှိတဲ့နေရာကို ရွေးဖို့တော့ လိုပါလိမ့်မယ်။ 


(၇)နည်းပညာလုပ်ငန်း


နည်းပညာလုပ်ငန်းတွေကတော့ စီးပွားရေးကျဆင်းမှုဒဏ်ကို သက်ရောက်မှုနည်းတဲ့လုပ်ငန်းတွေလို့ ဆိုကြပါတယ်။ စီးပွားရေးကျဆင်းလို့ နည်းပညာနယ်ပယ်မှာ ပြိုင်ဘက်တွေလျော့သွားတယ်ဆို ကိုယ်က အဲဒီဈေးကွက်ကိုယူနိုင်ဖို့ ကြိုးစားပြီး လုပ်ငန်းကြီးအောင်ချဲ့ထားဖို့ပါပဲ။ 


ခေတ်ကောင်းချိန်ကျ ကိုယ်က Giant Business ဖြစ်ကောင်းဖြစ်နေမှာပါ။ 


ဥပမာကိုယ်က Web Developer အနေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ဖို့ အခုမှစပြီး ကြိုးစားသူဆိုရင် ဒီလိုစီးပွားရေးကျချိန်မှာ ပိုကြိုးစားထားပြီး ခေတ်ကောင်းချိန်ဆို ကိုယ်လည်း အနီးစပ်ဆုံး Professional Level ရောက်နေမှာပါ။ ကိုယ်က ကြိုးစားနေချိန် ဝင်ငွေမရတာ ဒါမှမဟုတ် ဝင်ငွေနည်းနေတယ်ဆိုလည်း တခြားသူတွေလည်း ဝင်ငွေကျနေချိန်ဖြစ်တော့ သိမ်ငယ်စိတ်မဖြစ်တော့ပါဘူး။ 


နည်းပညာလုပ်ငန်းကတော့ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုလို့ပဲ ဆိုချင်ပါတယ်။ 


စီးပွားရေးအကျပ်အတည်းဖြစ်နေချိန် စဉ်းစားသင့်တဲ့ တခြားသော လုပ်ငန်းတွေလည်းရှိပါသေးတယ်။ ဥပမာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ဒါပေမယ့် စီးပွားရေးကျပ်တည်းတာတစ်ခုတည်းအပေါ် စဉ်းစားလို့မရဘဲ ရာသီဥတု၊ သွင်းအားစု၊ လုပ်သား၊ ဈေးကွက်စတာတွေကိုလည်း တွက်ချက်ရမှာမို့ ချန်ထားခဲ့ပါတယ်။ 


အထက်မှာဖော်ပြခဲ့တဲ့လုပ်ငန်းတွေကတော့ အတိတ်တုန်းက စီးပွားပျက်ကပ်တွေ တွေ့ကြုံတဲ့အချိန်မှာ လုပ်ကိုင်ကြတဲ့လုပ်ငန်းတွေဖြစ်ပြီး အခုကာလမှာ စဉ်းစားလို့ရအောင် နယ်ချုံ(Narrow Down) ပေးထားတာဖြစ်ပါတယ်။ 


အခုပြောတဲ့လုပ်ငန်းတွေထက် ပိုသင့်လျော်တဲ့ လုပ်ငန်းတွေရှိရင်လည်း စဉ်းစားနိုင်ပါသေးတယ်။ အခုကတော့ ‘အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ’ဆိုတာကို ဆန်းစစ်ကြည့်ခဲ့တာပါ။ 


မေးခွန်းတစ်ခုကျန်ပါသေးတယ်။ အဲဒါ “တော်လှန်ရေးကာလ အသက်တွေရင်းပြီး လုပ်နေသူတွေက လုပ်နေကြချိန် ဘာ့ကြောင့်စီးပွားရေးလုပ်ကြရမှာလဲ”ဆိုတာပါ။ 


အဖြေကတော့ 


“ကိုယ့်အတွက်လည်း စီးပွားရေးလုပ်ဖို့လိုသလို တော်လှန်ရေးအတွက်လည်း ငွေလိုတယ်မဟုတ်ပါလားခင်ဗျာ”


                                                                                                                                                       ညိုထွန်း

 စာပြီးချိန်  

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၄

1:13 AM

Comments

Popular posts from this blog

အာဏာရှင်အကျိုးစီးပွားအတွက် အသုံးချခံဖြစ်နေရတဲ့ ဗုဒ္ဓဘာသာ - ညိုထွန်း

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း