နေပြည်တော်ခရီးသွားများအတွက် ပြည်သူပေးသော သတင်းစကား - ညိုထွန်း

 


ယခုအခါ မြန်မာပြည်တွင် ငြိမ်းချမ်းရေးစကားကိုတွင်တွင်ကြားနေရသည်။ ပြန်၍စေ့ငုလျှင် မငြိမ်းချမ်းသောကြောင့်သာ ငြိမ်းချမ်းရေးစကားကြားရသည်ဟု ဆိုနိုင်သည်။ မငြိမ်းချမ်းလေ ငြိမ်းချမ်းရေးစကားပြောရလေပင်။


စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေး စကားပြောသည်။ စားပွဲဝိုင်းတွင် တွေ့ဆုံရန် ကမ်းလှမ်းသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ခေါင်းဆောင်အပါအဝင် တစ်ဖွဲ့သုံးယောက် တက်နိုင်သည်။ သူကိုယ်တိုင်တော့ တစ်ဖွဲ့စီသီးခြားတွေ့မည်ဟုဆိုသည်။ ယခုလနောက်ဆုံးပတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်မည်ဟု ခန့်မှန်းရသည်။


သို့သော်လည်း စစ်ခေါင်းဆောင်၏ နေပြည်တော်လမ်းကို မရွေးသူများလည်းရှိသည်။ ထိုသူတို့သည် သမိုင်းအသိအရ သတိရှိရှိဖြင့် ချဉ်းကပ်ကြသူများဟုလည်း ဆိုနိုင်သည်။ နှစ်ပေါင်း ၇၀ကျော် 'ချ' သမိုင်းတွင် ကိုယ်တိုင်ကိုယ်ကျ ကပြခဲ့သူများဖြစ်ရာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တို့၏ ဘယ်ကွေ့တွင် ဘယ်တက်နှင့် လှော်မည်ကို ကြိုတင်တွက်ဆနိုင်သူများလည်းဖြစ်သည်။ 


တနည်းဆိုရလျှင် အတိတ်သမိုင်းတွင်ခံရပါများ၍ အနာမကျက်သေးချိန်လည်းဖြစ်ရာ ယခုဆွေးနွေးပွဲအတွက် အယုံအကြည်နည်းသူများလည်းဖြစ်သည်။


နေပြည်တော်လမ်းကို ရွေးချယ်ရသည့် အဖွဲ့များသည်လည်း သူ့နည်းနှင့်သူ အကြောင်းပြချက်များရှိပါသည်။ နောက်ကွယ်ကအကြောင်းတရားများလည်းရှိပါသည်။ ယခုအခါ ထင်ရှားသော လက်နက်ကိုင်အဖွဲ့ကြီးအချို့နှင့် အခြားအဖွဲ့များကို တစ်ဖွဲ့စီအလိုက် စေငုကြည့်ပါမည်။


ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ခြင်းမခြင်း အနုပညာကိုခံစားကြဖို့ဖြစ်သည်။


‘ဝ’တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (UWSA)


‘ဝ’လက်နက်ကိုင်တပ်ဖွဲ့ (UWSA) သည် NCA မထိုးထားသော်လည်း စစ်တပ်နှင့် တိုက်ပွဲမဖြစ်သည်မှာ ၁၉၈၉ ခုနှစ်ကတည်းဖြစ်သည်။ သူက ဘဏ္ဍာရေးအင်အား၊ စစ်ရေးအင်အားကြီးသည့် အဖွဲ့လည်းဖြစ်သည်။ စစ်ရေးပြအခမ်းအနားကိုလည်း မကြာခဏလုပ်ကာ စစ်လက်နက်တွေကို ပြသတတ်သည့် အဖွဲ့ဖြစ်သည်။ အင်အားကလည်း ၂၅၀၀၀-၃၀၀၀၀လောက်ရှိသည်ဟု တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက ဝေမျှထားသည်။


‘ဝ’ ဒေသကို ၂၀၀၈ အခြေခံဥပဒေတွင် ပြည်နယ်အဖြစ်မသတ်မှတ်ထား။ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ်သာ သတ်မှတ်ထားသည်။ ထိုသို့သတ်မှတ်ထားသည့် နယ်မြေတွင်လည်း အစိုးရအုပ်ချုပ်မှုက တစ်ဝက်လောက်ပဲစိုးမိုးသည်။ ထို့ကြောင့်ပင် ရွေးကောက်ပွဲလုပ်မည်ဆိုလျှင် UWSA နှင့် ဆွေးနွေးရသည်။


ယခုမူ UWSA သည် ‘ဝ’ပြည်နယ်ရရှိရေးအတွက် ဆွေးနွေးပွဲတက်ခြင်းဖြစ်သည်။ သူတို့လိုလားချက်က သူတို့ဒေသအတွက် တရားဝင်မှုရရှိရေးနှင့် လုံခြုံမှုရှိရေးအတွက်သာဖြစ်သည်။ 


အခါအခွင့်သင့်ချိန် စစ်ခေါင်းဆောင်တို့အကျပ်ရိုက်နေချိန် နေပြည်တော်သွားကာ ‘ဝ’ပြည်နယ်တောင်းတော့မည်ဖြစ်သည်။


SSPP နှင့် RCSS


ဤနှစ်ဖွဲ့သည်လည်း နေပြည်တော်သွားကြမည်ဖြစ်သည်။


SSPP နှင့် RCSS သည် သူတို့အချင်းချင်းလည်း မတည့်။ တိုက်နေကြသည့် အဖွဲ့ဖြစ်သည်။ တစ်ခါတရံတွင် စစ်တပ်က သူတို့နှစ်ဖွဲ့အကြား အစ်ကိုကြီးသဖွယ်ဝင်လုပ်တတ်သည်။


စစ်တပ်က အပစ်ရပ်ထားချိန် သို့မဟုတ် ငြိမ်းချမ်းရေးစကားပြောချိန်တွင် နယ်မြေတိုးချဲ့သည်မှာလည်း EAOs များအတွက် အစဉ်အလာသဖွယ်ဖြစ်သည်။ ပြစ်တင်ပြောဆိုလိုရင်းမဟုတ်ဘဲ အခြေအနေကိုဆဝါးနိုင်ရန်သာ ဆိုလိုခြင်းဖြစ်သည်။ 


ထို့ကြောင့် SSPP သည် ယခုနှစ်အတွင်း တိုးချဲ့ထားသော နယ်မြေများအတွက် အစည်းအဝေးတက်သည်။ နောက်တစ်ကြောင်းမှာ သူနှင့်မတည့်သည့် RCSS က အစည်းအဝေးတက်မည်ဖြစ်ရာ နောက်ကျောမလုံ၍ တက်ခြင်းဖြစ်သည်။ SSPP မှာ NCA မထိုးထားချေ။ သူ့အင်အားက ၁၀၀၀၀ လောက်ရှိသည်။


RCSS ကမူ အပစ်ရပ်စာချုပ် NCA ထိုးထားသည့် အဖွဲ့ဖြစ်သည်။ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ဦးဆောင်သည်။ NCA နှစ်ပတ်လည်အခမ်းအနားတစ်ခုတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းဖို့ RCSS ကို ရည်ရွယ်ကာပြောဖူးသည်။ 


သို့သော်လည်း အကျိုးစီးပွားအရဆိုလျှင်မူ  SSPP နှင့် RCSS တိုက်ပွဲများတွင် စစ်တပ်သည် RCSS ဘက်က လူမသိသူမသိ ထောက်ပံ့မှုပြုလုပ်လေသည်။


ထို့ကြောင့်လည်း RCSS သည် ငြိမ်းချမ်းရေးပွဲကို အားကိုးရှာကာ တက်ရခြင်းဖြစ်သည်။


မိုင်းလားအဖွဲ့ (NDAA)


မိုင်းလားအဖွဲ့ကလည်း UWSA ကဲ့သို့ပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသတ်မှတ်ပေးဖို့ နေပြည်တော်သွားမည် ဖြစ်သည်။ သူအင်အားက လက်နက်ကိုင် ၆၀၀၀ လောက်ရှိသည်။ မိုင်းလားအဖွဲ့သည်လည်း NCA မထိုးရသေးပေ။


မွန်ပြည်သစ်ပါတီ (NMSP)


မွန်ပြည်သစ်ပါတီကမူ NLD လက်ထက်တွင် NCA ထိုးထားသည့် အဖွဲ့ဖြစ်သည်။ ဖက်ဒရယ်ပြည်နယ်ရရှိရေး ရှေးရှုကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်မည်ဖြစ်သည်။ အစည်းအဝေးမတက်မီ မွန်ပြည်နယ်တွင်ပင် မွန်အမျိုးသားညီလာခံ ကျင်းပ၍ ဆွေးနွေးခဲ့ကြသေးသည်။ ညီလာခံမှ ရသော ဆုံးဖြတ်ချက်ကိုကိုင်ကာ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံမည်ဖြစ်သည်။


ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)


DKBA သည် NCA ထိုးထားသည့်အဖွဲ့ဖြစ်ပြီး လက်နက်ကိုင်အင်အား ၁၀၀၀ ခန့်ရှိသည်။ DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်လာခြင်းဖြစ်သည်။ ခေါင်းဆောင်ပိုင်းအပြောင်းအလဲအရ မူဝါဒပိုင်းအရ တည်ငြိမ်မှုနည်းနေသည့်အဖွဲ့ဟုလည်း ဆိုနိုင်သည်။လက်ရှိလည်း စစ်တပ်နှင့်တိုက်နေကြသည်။ သို့သော်လည်း နေပြည်တော်သွားမည့်အဖွဲ့ဖြစ်သည်။


အခြားလေးဖွဲ့


နေပြည်တော်သွားမည့် အခြားလက်နက်ကိုင်လေးဖွဲ့မှာ ပအိုင်းဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး ကောင်စီ(KNLA-PC)တို့ဖြစ်သည်။


ဤလေးဖွဲ့သည့် ပြောပလောက်သည့် လက်နက်ကိုင်အင်အားမရှိိလှချေ။ ကရင်အမျိုးသားလွတ်မြောက်ရေး ကောင်စီ(KNLA-PC)ကတော့ အင်အား ၃၀၀ ခန့်ရှိသည်။ 


ဤလေးဖွဲ့စလုံးမှာ NCA ထိုးထားသလို လက်နက်ကိုင်အင်အား၊ ဘဏ္ဍာရေးအင်အားလည်းမတောင့်တင်းရာ မတက်လို့မဖြစ်သည့် အနေအထားကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့်လည်း တက်ကြခြင်းဖြစ်သည်။


ALP သည် အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားသည့်အဖွဲ့ဖြစ်ပြီး အခုအချိန်မှာတော့ ခေါင်းဆောင်ပိုင်း မှာ ခိုင်စိုးနိုင်အောင်ဦးဆောင်တဲ့အဖွဲ့နှင့်  ခိုင်ရဲခိုင်၊ ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် အဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲနေခြင်းဖြစ်သည်။ ဒေါ်စောမြရာဇာလင်းတို့အဖွဲ့ကမူ အာဏာသိမ်းစစ်တပ်ကလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ပြည်ထောင်စုနေ့အခမ်းအနားတွေကို ပုံမှန်တက်ရောက်နေတာ တွေ့နေရသည်။ အခုလည်း တက်ကြပေဦးမည်။


မီဒီယာများနှင့်ဆက်ဆံရေးကောင်းသည့် PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာသည်လည်း အထက်တွင်ဆိုခဲ့သလို လက်နက်နှင့်ဘဏ္ဍာရေးချိနဲ့မှုကြောင့် ငြိမ်းချမ်းရေးလမ်းကို မဖြစ်မနေ ရွေးနေရသည်။ ဗိုလ်မှူးကြီးခွန်ဥက္ကာကို စစ်ခေါင်းဆောင်က မကြာခင်ကမှ ဂုဏ်ပြုဆုတံဆိပ်တွေ ပေးခဲ့သေးသည်။ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP) သည်လည်း  PNLO နည်းတူပင်။


ကရင်အမျိုးသားအစည်းအရုံး(KNU)


နေပြည်တော်လမ်းကို မရွေးသည့် အဖွဲ့ကို ဦးဆုံးပြောရလျှင် ကရင်အမျိုးသားအစည်းအရုံး KNU ကပင်စချင်သည်။ ခေတ်အဆက်ဆက်က စစ်တပ်နှင့်ချခဲ့သည်။ တိုက်ပွဲပေါင်းများစွာ သူသေကိုယ်သေ တိုက်ခဲ့သည်။ အိမ်ကဇနီးသည်ပင် သူတို့အကြောင်းကောင်းကောင်းမသိ။ စစ်တပ်နှင့် KNU ကတော့ တစ်ဖွဲ့အကြောင်း တစ်ဖွဲ့ အိမ်ကမိန်းမထက်ပင်သိကြသည်ဟု ရယ်သွေးသွမ်းပြောရလောက်အောင် စစ်မြေပြင်တွင် တိုက်ခဲ့ကြသည်။


စစ်ခေါင်းဆောင်၏ ဆွေးနွေးပွဲကို  KNU က မတက်ဟုဆိုထားသည်။ အကြောင်းပြချက်ကတော့ ပါဝင်သင့်ပါဝင်ထိုက်သူတွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲမဖြစ်လို့ဟု စကားလှအောင်ဆိုသည်။ အဓိကတော့ အာဏာသိမ်းစစ်တပ်ကို မယုံကြည်လို့ မတက်တာဖြစ်သည်။


KNU သည် ဗိုလ်ချုပ်ကြီးတဖြစ်လည်းသမ္မတဦးသိန်းစိန် ဖိတ်ခေါ်တုန်းကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ခဲ့ကာ အပစ်ရပ် NCA စာချုပ်တွင် လက်မှတ်ထိုးခဲ့သည်။ ယုံကြည်၍ တက်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီးသိန်းစိန်ကလည်း ယုံကြည်အောင် သက်သေပြနိုင်ခဲ့သည်။


ယခုမူထိုသို့မဟုတ်တော့။ အခြေအနေက ပြောင်းသွားသည်။ စစ်တပ်က အာဏာသိမ်းသည်။ ဒီမိုကရေစီလမ်းကို လျှောက်မည်ဟု အားခဲ NCA ထိုးပြီးကာမှ အာဏာအသိမ်းခံလိုက်ရသည့် ခံစားချက်ကို စာနာနိုင်သည်။  KNU က အာဏာသိမ်းတာကိုမကြိုက်၊ စစ်တပ်က ထိုးစစ်ဆင်တာတွေကို မကြိုက်၊ ရွာတွေကို မီးရှို့၊ ပြည်သူတွေကို  နှိပ်စက်တာကို မကြိုက်။ ထို့ကြောင့် မယုံကြည်၍ နေပြည်တော်လမ်းကို မရွေးခြင်းဖြစ်သည်။


KNU ပြောခွင့်ရ ဖဒိုစောတောနီးက ပြည်တွင်းမီဒီယာတစ်ခုသို့ ဖြေကြားချက်တွင် စစ်တပ်နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ အချိန်နှောင်းသွားပြီဟုဆိုသည်က မယုံကြည်မှုကို ဖော်ပြသည့် ထင်ရှားသည့်စကားဖြစ်သည်။


ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)


KIA သည် သမ္မတဦးသိန်းစိန်လက်ထက်တွင် စစ်တပ်နှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသည်။ထိုနောက် အင်အားကြီးလက်နက်ကိုင်ဖြစ်လာသည်။


စစ်တပ်က အာဏာသိမ်းမှုအပေါ် KIA က ကန့်ကွက်သည်။ နွေဦးတော်လှန်ရေး အစတွင် ဒေသကာကွယ်ရေးတပ်များနှင့်ပတ်သက်လျှင်မူ ထင်ထင်ရှားရှား ထောက်ပံ့ကူညီမှုမလုပ်ပေ။ သို့သော်လည်း အာဏာသိမ်းစစ်တပ်က အနောက်မြောက်တိုင်းစစ်ဆင်ရေးကို အစပြုချိန်၊ ရွာတွေမီးရှို့၊ ဒေသခံတွေကို အပြင်းအထန်နှိပ်စက်မှုပြုလာချိန်တွင် KIA က သူနှင့်ဆက်စပ်နယ်ရှိ ဒေသခံကာကွယ်ရေးတပ်‌တွေကို နောက်ကွယ်က အကူအညီပေးတော့သည်။


ဥပမာဆိုရလျှင် မြန်မာပြည်မြောက်ပိုင်း  PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် PDF Kachin Region ဆိုလျှင် KIA စစ်ဦးစီးချုပ်ရုံးအောက်တွင် စနစ်တကျလှုပ်ရှားနေသည့် အဖွဲ့ဖြစ်သည်။ ပြီးခဲ့သည့် လအတွင်းကလည်း KIA စစ်သားတစ်ယောက်က ဒေသကာကွယ်ရေးအဖွဲ့တစ်ခုကို ဦးဆောင်၍ မြေပြန့်သို့ဆင်းကာ တိုက်ပွဲဝင်ခဲ့ရသည့် အတွေ့အကြုံများကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။ 


ဒီအချက်များက တော်လှန်ရေးတွင် KIA ပါဝင်လာသည်ဆိုသည်ကို ညွှန်းဆိုနေခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို KIA ကလည်း ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်သည့် အခင်းအကျင်းမဟုတ်ပါက ဆွေးနွေးပွဲတက်ရောက်မည်မဟုတ်ဟု ကြေညာထားပြီးဖြစ်သည်။ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကလည်း ဤသို့ပင်ဆိုပါသည်။


ယခုမေလ ဒုတိယပတ်တွင်တော့ KIA က မြစ်ကြီးနားခရိုင်ထဲက ဝန်ထမ်းတွေ CDM လုပ်ဖို့အမိန့်ထုတ်လိုက်သည်။ အခြေအနေမှာ စစ်မီးတောက်မည့်အခြေအနေအတွက် အခြေအနေတစ်ခုသာ လိုတော့သည့် သဘောပင်။


ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA)


အားလုံးသိကြသည့် AA လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်နှစ်များအတွင်း စစ်တပ်နှင့် တဂျိမ်းဂျိမ်းချနေသည့် အဖွဲ့ဖြစ်သည်။ စစ်တပ်က တိုက်လေယာဉ်ပါသုံး၍ တိုက်သည်။ သို့သော် AA ကား ပြန်လည်တွန်းလှန်ကာ ကြံ့ကြံ့ခံနေဆဲအဖွဲ့ဖြစ်သည်။


ဦးသိန်းစိန်ခေတ်ငြိမ်းချမ်းရေးသမိုင်းကို ပြောရာတွင် စစ်တပ်က AA နှင့် TNLA (တအောင်းပလောင် လက်နက်ကိုင်အဖွဲ့) ကို KIA လက်အောက်ခံဖြစ်ခြင်း၊ ထိုစဉ်ကအင်အားနည်းခြင်း၊နောက်ဆုံးမှဖွဲ့စည်းထားသော အဖွဲ့ဖြစ်ခြင်းတို့ကြောင့် ဆွေးနွေးစရာမလိုဟူသော သဘောမျိုးရှိခဲ့သည်။


ဤသို့ဖြင့် စစ်တပ်နှင့် AA တို့ နှစ်နှစ်ကျော်တိုက်ပွဲကို အပြင်းအထန်တိုက်ခဲ့ပြီးနောက်တွင် AA ကို အကြမ်းဖက်အဖြစ်ကြေညာထားဆဲမှာပင် ငြိမ်းချမ်းရေးစကားပြောခဲ့ရသည်။ ပုံမှန် ဆွေးနွေးခဲ့သည်။


နွေဦးတော်လှန်ရေးတွင် AA လက်နက်ကိုင်တိုက်ဖွဲ့၏ မူဝါဒသည် KIA နှင့် ဆင်တူသည်ဟု ယေယုယျအားဖြင့် ဆိုနိုင်သည်။ တော်လှန်ရေးအဦးအစတွင် လက်တံမပြသေးဘဲ နောက်ပိုင်းတွင်မူ ဆက်စပ်နယ်မြေရှိ တော်လှန်ရေးအဖွဲ့တွေကို အထောက်အပံ့ပြုလာခဲ့သည်။ပြီးခဲ့သည့် ဧပြီလကုန်လောက်ကပင် CDF (မင်းတပ်) က တော်လှန်ရေးတပ်သား ၃၀ ကို AA က စစ်ရေးလေ့ကျင့်ပေးကာ လက်နက်အပြည့်အစုံတပ်ဆင်ပေးခဲ့သည်။


ယခုအခါ စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုကို AA ကလည်း လက်မခံသေး၊ နေပြည်တော်လမ်းကို မရွေးချယ်သေးပေ။ ပြီးခဲ့သည့် ရက်ပိုင်းကပင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို စိန်ခေါ်စကားဆိုထားသေးသည်။


မေ ၁၆ ရက်တွင်မူ NUG နှင့် AA တို့ တွေ့ကြသည်။  ဆွေးနွေးကြသည်။ ထူးခြားသည့် နိုင်ငံရေးအခင်းအကျင်းသစ် တစ်ခု ပုံဖော်သည်ကို စတင်မြင်တွေ့ခွင့်ရခြင်းဖြစ်သည်။ ဒီရက်မတိုင်ခင်က NUG ကလည်း ရခိုင်ပြည်နယ် နစ်နာခံစားရတာတွေကို ကူညီဖို့ပျက်ကွက်ခဲ့လို့ စိတ်မကောင်းကြောင်းပြောခဲ့သေးသည်။


 Ice-Breaker လုပ်လိုက်ခြင်း၊ သူမစ-ကိုယ်မစ အခြေအနေတစ်ခုကို ကိုယ့်ဘက်ကစ၍ ဖောက်ခွဲကာ စတင် Deal လုပ်ခြင်းဟု ဆိုနိုင်သည်။ ရလဒ်ကလည်းကောင်းသည်။ NUG နှင့် AA တို့ တွေ့ကြလေသည်။


ယခုအခါ AA ကိုယ်တိုင်ကပင် ပြည်သူတွေ စစ်တပ်နဲ့ ဝေးဝေးနေဖို့ ကြေညာချက်ထုတ်လိုက်သည်။ ထို့ကြောင့် လတ်တလောတွင် ရခိုင်ပြည်နယ်စစ်ရေးအခြေအနေမှာ အစိုးမရသည့် အနေအထားတစ်ခုဖြစ်သည်။ ရခိုင်တွင် စစ်ရိပ်စစ်ငွေ့များကို မြင်နေရပြီဖြစ်သည်။ 


အကျိုးစီးပွားနှင့် အာဂျန်ဒါ


အထက်တွင် ငြိမ်းချမ်းပွဲတက်မည့် EAOs (၁၀) ဖွဲ့နှင့် မတက်မည့် EAOs (၃) ဖွဲ့အကြောင်းကို တို့ထိထားခဲ့ပြီးဖြစ်သည်။ ငြိမ်းချမ်းရေးပွဲတက်မည့် ၁၀ မှာ အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်နေသည့် လက်နက်ကိုင်များမဟုတ်ပေ။ စစ်တပ်နှင့် တိုက်နေကြသည့် KNU, KIA  နှင့် AA စသည့် EAOs များကမူ မတက်ကြသည်ကို တွေ့ရသည်။ ထို့ကြောင့် နေပြည်တော်ဆွေးနွေးပွဲသည့် တိုက်ပွဲမဖြစ်သည့်အဖွဲ့များနှင့်ငြိမ်းချမ်းရေးဆွေးနွေးမည့်ပွဲဖြစ်သွားသည်။


ယခုအခါ တစ်နိုင်ငံလုံးတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများ၏ ၆၀ မှ ၇၅ ရာခိုင်နှုန်းသည် EAOs များနှင့် ဖြစ်ပွားနေခြင်းမဟုတ်ဘဲ PDF များနှင့် ဖြစ်နေခြင်းဖြစ်သည်။ ထိုအခါ PDF များမပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အခြေအနေကို မှန်းဆကြည့်ဖိုလိုသည်။ 


ထို့ကြောင့်လည်း အင်အားကြီးသည့် KNU,KIA နှင့် AA တို့က ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်သည့် အခင်းအကျင်းကို တောင်းဆိုခြင်းဖြစ်သည်။


ငြိမ်းချမ်းရေးပွဲတက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ EAOs များအားလုံးတွင် အကျိုးစီးပွားဆိုင်ရာ အာဂျန်ဒါမှာရှိနှင့်ပြီးဖြစ်သည်။ ထို့အတူ ငြိမ်းချမ်းရေးဖိတ်ခေါ်သည့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင်လည်း ရှိနှင့်ပြီးဖြစ်သည်။


ဤသို့ပြောခြင်းဖြင့် အကျိုးစီးပွားအာဂျန်ဒါခြင်း ထပ်တူညီကြသည်ဟု မဆိုလိုဘဲ အာဂျန်ဒါ ရှိကြသည်ကိုသာ ဆိုလိုခြင်းဖြစ်ပေသည်။ သို့သော်လည်း ရပ်တည်ချက်ခိုင်မာသည့် KNU, KIA  နှင့် AA တို့လို အဖွဲ့မျိုးရှိသကဲ့သို့ အဖွဲ့ရပ်တည်မှုအကျိုးစီးပွားအရ တက်ရသည့် အဖွဲ့များလည်းရှိပေသည်။


ထိုသို့အကျိုးစီးပွားအာဂျန်ဒါများရှိသော်လည်း နွေဦးတော်လှန်ရေး အရှိန်ရလာသည်နှင့်အမျှ EAOs များမှာ ပြည်သူထောက်ခံမှုကို ပိုမိုရလာသည်။ ဥပမာအားဖြင့် ဒေသကာကွယ်ရေးတပ်များကို ထောက်ပံ့မှုပြုနေသည့် EAOs အပေါ် ပြည်မရှိ ပြည်သူများ၏ အမြင်က ပို၍ အကောင်းမြင်လာကြခြင်းဖြစ်သည်။ ဤကိစ္စမှာ EAOs များအတွက် အမြတ်ထွက်သည့်ကိစ္စဖြစ်သည်။


ဘုံရန်သူ ရှိသွားသဖြင့် ဤသို့ဖြစ်လာခြင်းဖြစ်သည်။ ဘုံရန်သူက အာဏာသိမ်းစစ်တပ်ဖြစ်လာသည်။ EAOs များနှင့် PDF များသည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဖြစ်လာသည်။


ဤအခြေအနေတွင် အာဏာသိမ်းစစ်ခေါင်းဆောင်၏ အကျိုးစီးပွားအာဂျန်အကြောင်းပြောဖို့လိုသည်။ သူက EAOs များနှင့် PDF များကို ခွဲထုတ်လိုသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် PDF များနှင့်မပတ်သက်ရန်၊ နယ်မြေမတိုးချဲ့ရန်၊မကြာမီ ပီအာစနစ်ဖြင့် ရွေးကောက်ပွဲလုပ်မည်၊ ဖက်ဒရယ်ပြည်ထောင်စု        တည်ဆောက်မည်ဆိုကာ ကျောသပ်ရင်သပ်လုပ်မည်သာဖြစ်သည်။


 ထို့ကြောင့် နေပြည်တော်ကိုလှမ်းခဲ့ဖို့ ဖိတ်လိုက်ခြင်းဖြစ်သည်။  မယုံသူတွေက မယုံကြောင်းပြောပြီးမတက်သလို မယုံသော်လည်း အခြေအနေအရ တက်သည့်အဖွဲ့တွေကတော့ နေပြည်တော်သွားကြမည်ဖြစ်သည်။


သို့ဖြစ်ရာ နေပြည်တော်ခရီးသွားများကို ပြည်သူက သတိပေးလိုသည်တော့ရှိသည်။


အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ ဒဏ်ရာတွေက ပြည်သူတွေမှာ အခုတိုင်အနာမကျက်သေးသည်ကို  သတိရဖို့လိုသည်။ အဓိကမှာ အနာဂတ်မျိုးဆက်များအတွက် ဆိုးမွေချန်ထားရစ်ခဲ့သည့် သမိုင်းတရားခံမဖြစ်ဖို့ ပြည်သူက သတင်းစကားပါးလိုခြင်းသာဖြစ်ပါသည်။


                                                                                                                                        ညိုထွန်း


Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

အာဏာရှင်အကျိုးစီးပွားအတွက် အသုံးချခံဖြစ်နေရတဲ့ ဗုဒ္ဓဘာသာ - ညိုထွန်း

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း