နွေဦးတော်လှန်ရေးနဲ့ မြန်မာပြည်လက်နက်ပြသာနာ

 


နိုင်ငံတကာလူငယ်တွေ အင်တာနက် လက်ပ်တော့နဲ့ ခေတ်မီမျိုးစုံသော ပညာရပ်တွေကြားထဲ နိုင်ငံတည်ဆောက်ရေးအတွက် အလုပ်ရှုပ်နေချိန် မြန်မာလူငယ်တွေမှာကား သမိုင်းဘီး တကျော့ပြန်လည်သောအခါ လက်ပ်တော့အစား  လက်နက်ကိုင်ကြရတော့သည်။ 


နိုင်ငံရေးသည် နိုင်ငံ၏စနစ်ကို စီရင်သည်။ နိုင်ငံရေးငြိမ်မှ၊ နိုင်ငံရေးကောင်းမှ နိုင်ငံစနစ်ကောင်းသည်။ စနစ်ကောင်းမှ ဖွံ့ဖြိုးမှုလမ်းမပေါ်ခြေချနိုင်ပေမည်။ ယခုမူ နိုင်ငံရေးမကောင်း၍ စနစ်မကောင်း။ နိုင်ငံရေးအမဲဖျက်လို့ လူငယ်တွေ ဘဝပျက်ရသည်။ 


မြန်မာ့နိုင်ငံရေးတွင် လူငယ်တွေကို တောထဲတွန်းပို့ လက်နက်ကိုင်စေသော အထင်ကရဖြစ်ရပ်ကြီး သုံးခုရှိသည်။ ဖြစ်ရပ်များသည်မတူသလို စေ့ဆော်သောအကြောင်းရင်းသည်မတူ။ တူသည်က နိုင်ငံတည်ဆောက်ရေးအတွက် အရင်းအမြစ်များဆုံးရှုံးခြင်းဖြစ်သည်။


ပထမတစ်ခုမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း သိပ်မကြာ ကွန်မြူနစ်ပါတီတောခိုသွားခြင်းဖြစ်သည်။ ဤတောခိုမှုတွင်ပါဝင်သော ထိုခေတ်က လူငယ်လူရွယ်များသည် ဝါဒရေးရာတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ခြင်း မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူများဖြစ်ခြင်းတို့ကြောင့် နိုင်ငံအတွက် နှမျောစရာဖြစ်သည်။ သခင်သန်းထွန်းတို့တောခိုရာမှအစပြုသည့် ဗမာပြည်ကွန်မြူနစ်ပါတီသည် နောင်အခါ တိုင်းပြည်ရန်သူ နံပါတ်တစ်ဖြစ်လာသည်။ ထိုမှသည် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်စတင်သည်။ 


ကွန်မြူနစ်ပါတီသည် နိုင်ငံရေးပါတီတစ်ခုအနေနှင့် တောခိုခြင်းဖြစ်ရာ အကြောင်းရင်းမှာ အိုဒီယိုလော်ဂျီအပေါ်အခြေခံသည်။ ဖဆပလနှစ်ခြမ်းကွဲ ထိုမှသည် အင်္ဂလိပ်ပေးတဲ့လွတ်လပ်ရေးအတု အစစ် ဝိဝါဒကွဲကြသည်။ ဂိုရှယ်လမ်းစဥ်ကို ကွန်မြူနစ်ပါတီဝင်တွေက သက်ဝင်ယုံကြည်ကြည်သည်။ လွတ်လပ်ရေးကားအတု၊ အင်္ဂလိပ်ပေးတဲ့လွတ်လပ်ရေးကို ရယူကာ အာဏာယူလိုက်သည့် ဖဆပလ သည် နယ်ချဲ့နှင့်ပူးပေါင်းသည့် ပြန်လမ်းမရှိ သစ္စာဖောက်များဖြစ်သည်။ နယ်ချဲ့နှင့်အတူ ဖဆပလကိုပါ သုတ်သင်ခြင်းသည် ကွန်မြူနစ်တို့ ယုံကြည်သော သခင်ဘတင်ခေါ် ဂိုရှယ် လမ်းစဥ်ဖြစ်သည်။ ထိုအခါ လက်နက်ကိုင်ကြလေသည်။


တော်သေးသည်ပြောရမည်။  မြန်မာနိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရမည်ဟု ဖဆပလက အင်္ဂလိပ်ထံ အရေးဆိုချိန်တွင် ကွန်မြူနစ်ပါတီက အဆုံးသတ်အာဏာလွှဲပြောင်းရေး လှုပ်ရှားမှုဖြင့် ဖဆပလ ကို ထောက်ခံခဲ့​​ခြင်းဖြစ်သည်။ ထိုသို့ညီညွတ်ချိန်တွင် လွတ်လပ်ရေးရခဲ့ပြီး မညီညွတ်သောအခါ ပြည်တွင်းစစ် စတင်တော့သည်။


နောက်ဖြစ်ရပ်တစ်ခုမှာ ရှစ်လေးလုံး လူထုတော်လှန်ရေးဖြစ်သည်။ ဤဖြစ်ရပ်ကမူ  စနစ်တစ်ခုကိုတိုက်ခြင်းဖြစ်သည်။ ပြည်သူအပေါ် ဖိနှိပ်သူကို တော်လှန်ကြခြင်းဖြစ်သည်။ နိုင်ငံရေးအရွေ့တစ်ခုကို ရရန် တိုက်ကြခြင်းဖြစ်သည်။ ဤသည်မှာ စေ့ဆော်သည့်အကြောင်းရင်းဖြစ်သည်။


ရှစ်လေးလုံးကြောင့် အညွန့်တလူလူ လူငယ်များ တောထဲရောက်ကြသည်။ မတရားမှုအတွက် လက်နက်ကိုင်ကြသည်။ မြေပေါ်မြေအောက် အဖွဲ့မျိုးစုံဖြင့် တိုက်ခိုက်ကြသည်။ နိုင်ငံရေးအပြောင်းအလဲတစ်ခုကို တောင်းဆိုကြသည်။ နိုင်ငံ့သားကောင်းများစွာ ဆုံးရှုံးကြသည်။ 


သမ္မတဦးသိန်စိန်လက်ထက် ၂၀၁၃ လောက်တွင်မူ ပြည်ပရောက်နေကြသည့် ရှစ်လေးလုံးလူငယ်တချို့ ပြည်တော်ပြန်ဝင်သည်။ ပြည်တွင်းပြည်ပ ရှစ်လေးလုံးလူငယ်များသည်ကား နိုင်ငံတည်ဆောက်ရေးတွင်ပါဝင်ကြသည်။ မြန်မာပြည် အရုဏ်တက်ချိန်ဖြစ်သည်။သို့သော် နေဝင်ချိန်ကား လွန်စွာစောလေသည်။


၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံရေးအဆိုးကျော့သံသရာကား တစ်ပတ်လည်ပြန်သည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းသည်။


လူငယ်တွေကား မတရားမှုကိုငြိမ်နေရိုးမရှိ။ နွေဦးတော်လှန်ရေးဟူ၍ ပေါ်ပေါက်လာသည်။ လူငယ်တွေ ဦးဆောင်သည်။ နွေဦးတော်လှန်ရေးသည် လူငယ်တွေအသံဖြင့် ညံသည်။ လူငယ်တွေ တောထဲဝင်သည်။ လက်နက်ကိုင်သည်။လုပ်ချင်၍လုပ်ရခြင်းမဟုတ် သမိုင်းကပေးသည့်တာဝန်ကို လူငယ်ပီပီ ဦးလှည်မသုန်ထမ်းရွက်ခြင်းသာ။ 


လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းတလျှောက် လူငယ်တွေ၏ အင်အားများစွာကို နိုင်ငံတည်ဆောက်ရေးတွင်မသုံးရ။ တော်လှန်ရေးတွင်သာ သုံးခဲ့ကြရသည်။ ကြည့်ပါ။


လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်၊ ထိုနောက် အာဏာရှင် ဦးနေဝင်း အာဏာသိမ်းသည်က ၂၆ နှစ်၊ ထို့နောက် သူထက်ကဲ အာဏာရှင် ဦးသန်းရွှေလက်အောက်တွင် ၁၈ နှစ်ကျော်၊ ပြီးခဲ့သည့် ၁၀ နှစ်အတွင်းကမှ နည်းနည်းအသက်ရှူချောင်သည်။ထိုနောက် တဖန် အာဏာသိမ်း​ကြပြန်သည်။


အကျိုးအကြောင်းဟူသည် အမြဲမှန်သောတရားဖြစ်သည်။ အကြောင်းကြောင်းကြောင့် အကျိုးဖြစ်လျှင် လက်နက်ကိုင်သည့်ရသည့်အကြောင်းရင်းကို အရင်းစစ်ဖို့လိုသည်။ စစ်ခေါင်းဆောင်တွေသာ အာဏာမသိမ်းခဲ့လျှင် လက်နက်ကိုင်ပြသာနာသည် ပေါ်လာမည်မဟုတ်။


ယခုအခါ လူငယ်တွေလက်ထဲ လက်နက်ရောက်လာသည်။ အမည်မျိုးစုံဖြင့် လက်နက်ကိုင်သည့် ခေတ်သစ်နွေဦးတော်လှန်ရေးအဖွဲ့တွေ အများအပြား ပေါ်ပေါက်လာသည်။ တချိန်တွင် ငြိမ်းချမ်းသောအခါ ထိုလက်နက်ကိုင်အဖွဲ့များကို ထိန်းရကွပ်ရသည့် အလုပ်ပေါ်လာပေလိမ့်မည်။ မတစ်ထောင်သားများဖြစ်ပြီး အားလုံးသည် လောဘ ဒေါသများနှင့်သာဖြစ်ရာ မည်သို့ထိန်းကွပ်ကြလေမည်နည်း။ အားလုံးသည် NUG လက်အောက်ခံမဟုတ်၊ လက်အောက်ခံဟုတ်ဦးတော့ NUG ထိန်းနိုင်ပါမည်လော ။ အစိုးရိမ်လွန်နေတာလည်း ဖြစ်ကောင်းဖြစ်မည်။ သို့သော် ကြို၍ စဥ်းစားကြဖို့ဖြစ်သည်။


၁၉၄၈ ခုနှစ် မြန်မာပြည်မှ အင်္ဂလိပ်ဆင်းတော့ လက်နက်တွေကျန်ခဲ့သည်။ ကွန်မြူနစ်ပါတီဝင်များအဖြစ် တပ်ထဲကတောခိုသွားသူများတွင်လည်း လက်နက်များပါသွားသည်။  ရဲဘော် ဖြူ၊  ဝါ တို့တွင်လည်း လက်နက်များရှိသည်။ စောဘဦးကြီး (KNU)တို့ ကရင်တွေကိုလည်း အင်္ဂလိပ်တွေက လက်နက်တွေထောက်ပံ့လေသည်။  ပြည်တွင်းစစ်ကို အဆိုပါလက်နက်များဖြင့် စခဲ့ခြင်းဖြစ်ပြီး အရှိန်ရလာသောအခါ ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဘွဲ့ရ နိုင်ငံဖြစ်လာသည်။


လွတ်လပ်ရေးခေတ်ဦးကာလ သူတလူငါတမင်းဖြစ်နေသည့် လက်နက်ကိုင်များကို ပြန်တိုက်ခိုက်ရန် ဒေသခံများကို လက်နက်တပ်ဆင်ပေးပြီး ပျူစောထီးဟု မှည့်ခေါ်သည်။ ထိုပျူစောထီးများသည် နောင်အခါတွင် ပြည်သူ့ကို လက်နက်ပြ၍ နှိပ်စက်သည့်အဖွဲ့ဖြစ်လာတော့သည်။ ယခုပျူစောထီးများနှင့်ကား မကွာချေ။


လက်နက်သည် အန္တရာယ်ကြီးသည်။ သုံးတတ်လျှင်ဆေး မသုံးတတ်လျှင် ဘေးဖြစ်သည်။ အင်္ဂလိပ် မဆင်းခင်တွင်ပင် ဂဠုန်ဦးစောက အာဏာအတွက် လက်နက်အားကိုး၍ ဗိုလ်ချုပ်တို့ကို လုပ်ကြံသည်။ ဤသို့ဖြင့် လက်နက်သည်သာ အခရာဟူသည့် မြန်မာ့နိုင်ငံရေးယဥ်ကျေးမှုသည် အရှိတရားအားဖြင့်အမြဲမှန်သလိုဖြစ်လာသည်။ ထိုသို့မှန်ကြောင်း နောင်အခါတွင် စစ်တပ်ကိုယ်တိုင်က ကိစ္စမှန်သမျှကို လက်နက်ကိုင်၍ နည်းပေးလမ်းပြလုပ်ကာ ဖြေရှင်းသည်။ ထို့ကြောင့် လူငယ်တွေ လက်နက်ကိုးကွယ်သည်မှာ အပြစ်ဟု မဆိုသာတော့။ လူကြီးများကိုယ်တိုင် ကြီးမိုက်များလုပ်နေကြသည်မဟုတ်ပါလား။ 


ပြသာနာကို လူငယ်တွေ လက်နက်ကိုင်၍ မဖြေရှင်းစေချင်သည်မှာ အမှန်။ သို့သော် အခြေအနေအရ မကိုင်မဖြစ်၍ ကိုင်ရသည်။


မည်သို့ဆိုစေ တချိန်တွင်တော့ လက်နက်ကို ရဲရဲဝံ့ဝံ့စွန့်ဖို့လိုသည်။ လက်နက်သည် ကာကွယ်ရန်သာ။ ရန်ပြုရန် အာဏာကိုအဓမ္မလုရန်နှင့် မတရားလုပ်မဟုတ်။ 


နောက်တစ်ချက်က လက်နက်စွန့်ချိန်သည် အချိန်ကိုက်ဖြစ်ဖို့လည်းလိုသည်။ဤအချက်သည် အပြောလွယ် ရိုးရှင်းသလောက် အရေးကြီးသည်။ တောထဲတွင် ကျားဆိုးနှင့်ရင်ဆိုင်ရချိန်တွင်တော့ လက်နက်ကိုစွန့်ရန် အချိန်မဟုတ်သေး။ တိတိပပဆိုရလျှင် ယခုအချိန်ဖြင့် မဟုတ်သေး။


သို့သော် အချိန်တန်လျှင်တော့ စွန့်ကိုစွန့်ရပေမည်။ သို့မှသာ စစ်၏အကျိုးဆက်ကို ပြည်သူတွေခမျာ အထိအခိုက်နည်းနည်းနှင့် ဖြတ်သန်းနိုင်မည်ဖြစ်သည်။

                                                                                                                                                                ညိုထွန်း


Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

အာဏာရှင်အကျိုးစီးပွားအတွက် အသုံးချခံဖြစ်နေရတဲ့ ဗုဒ္ဓဘာသာ - ညိုထွန်း

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း