စစ်ခေါင်းဆောင်၏ အညံ့စားစီမံခန့်ခွဲမှုနှင့် အဆိုးကျော့ စီးပွားရေးမူဝါဒ - ညိုထွန်း




အာဏာသိမ်းခံလိုက်ရပြီးသည့်နောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ထင်ကြေးပေးပြောဆိုမှု အမျိုးမျိုးကို ကြားသိခဲ့ရပြီးဖြစ်သည်။ 


အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အဓိကကျသည့်နှစ်ချက်ကို ထုတ်နုတ်ရလျှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမ္မတအိပ်မက်ဖြစ်မြောက်ရေးနှင့် နိုင်ငံ့စီးပွား ကိုယ့်စီးပွားလုပ်ကာ မောင်ပိုင်စီးချင်သည့် နှစ်ချက်ကို အထင်အရှားတွေ့နေရသည်။ 


ယခုဆောင်းပါးတွင် အထွေထွေကုန်ဈေးနှုန်းကြောင့် ပြည်သူများကြပ်တည်းလာမှုနှင့် စစ်ခေါင်းဆောင်၏ အကျိုးစီးပွားအကြောင်းကို ဖော်ပြမည်ဖြစ်သည်။ 


အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူလူထု၏ နိစ္စဓူဝ စားဝတ်နေရေးမှာ ခက်ခဲလာသည်။ အကြောင်းရင်းကို စစ်ထုတ်လျှင် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်လာသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဆန်းစစ်ကြည့်ပါမည်။


အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပြည်သူ့ဒုက္ခ


၂၁၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ အထွေထွေကုန်ဈေနှုန်းမှာ မြင့်တက်လာသည်။


ဥပမာဆိုရလျှင် အာဏာမသိမ်းခင် ဇန်နဝါရီလကုန်က လူလတ်တန်းစားအများစုစားသုံးသည့် ဆန်တစ်အိတ်လျှင် ပျမ်းမျှ ကျပ် ၅၀,၀၀၀ ကျပ်ဝန်းကျင်သာရှိသည်။ ယခုမူ ဆန်တစ်အိတ်လျှင် ၆၈,၀၀၀ ကျပ်ဖြစ်သည်။ 


ထို့အတူ အာဏာမသိမ်းခင် ဇန်နဝါရီလကုန် က စားအုန်းဆီတစ်ပိဿ ပျမ်းမျှ ၂၀၀၀ ကျပ်ဖြစ်သည်။ ယခုမူ ဆီတစ်ပိဿ ၈၆၀၀ ကျပ်ဖြစ်သည်။ လေးဆလောက်ဈေးတက်သွားခြင်းဖြစ်သည်။ 


အာဏာမသိမ်းခင်က ပို့ဆောင်ရေးကဏ္ဏတွင် မရှိမဖြစ်လိုအပ်သော အရေးကြီးကုန်စည်ဖြစ်သည့် စက်သုံးဆီ အောက်တိန်း ၉၂ တစ်လီတာ ၆၅၀ ကျပ်ဖြစ်သည်။ ယခုအခါ စက်သုံးဆီ အောက်တိန်း ၉၂ တစ်လီတာ ၂၄၀၀ ကျပ်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလနှင့်မေလအတွင်းကမူ စက်သုံးဆီမှာ လိုသလောက်ပင်ဝယ်၍မရခဲ့။ လေးဆလောက် ဈေးတက်သွားသည်။ 


အာဏာမသိမ်းခင် ဇန်နဝါရီလကုန် က အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ၁၃၁၇၅၀၀(၁၃ သိန်းကျော်)သာရှိသည်။ ယခု ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်မူ ရွှေတစ်ကျပ်သား ကျပ်သိန်း ၂၀ ကျော်သွားပြီဖြစ်သည်။ 


အာဏာမသိမ်းခင် ဇန်နဝါရီလကုန် က‌ ငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၇၀ ဝန်းကျင်သာရှိသည်။ ယခု ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင်မူ တစ်ဒေါ်လာ ၂၀၄၀ ကျပ်ဖြစ်သွားသည်။ 


အလုပ်အကိုင်ကရှား၊ ဝင်ငွေကနည်းချိန်တွင် ဤသို့အထွေထွေကုန်ဈေးနှုန်းတွေ ကြီးမြင့်လာရာ ပြည်သူတွေမှာ ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။ 


ရွှေဈေးဘာကြောင့်တက်


မြန်မာပြည်တွင် ရွှေသည် သည်းခြေကြိုက်ပစ္စည်းဖြစ်သည်။ အကြောင်းမှာ အရှေ့တိုင်းသားတို့က ရွှေကို တပ်မက်ကြသည်ဖြစ်ရာ မြန်မာတို့လည်း ကြိုက်သည်။ ရွှေသည် မရှိမဖြစ်မဟုတ်၊ သို့သော် မြန်မာပြည်တွင် ရွှေထက်ပို၍ ငွေဖြစ်လွယ်(Liquidity)သည်အရာမရှိ။ ရွှေသည် ငွေဖြစ်လွယ်မှု အမြင့်ဆုံးဖြစ်သည်။ ဆိုလိုသည်မှာ ရွှေကို ငွေအဖြစ်ပြောင်းဖို့လွယ်သည်။ ယုတ်ဆွအဆုံး ရွှေရှိလျှင် အပေါင်ဆိုင်သွားပေါင်လျှင်ပင် ငွေရသည်။ အခြားသော အိမ်ခြံမြေ၊ ကားတို့ကို လွယ်လွယ်ရောင်း၍ ပေါင်၍မရ၊ ငွေမဖြစ်။ 


ရွှေသည် မရှိမဖြစ်ကုန်စည်မဟုတ်သောကြောင့် ပုံမှန်ဆိုလျှင် ဤမျှဈေးတက်ရန်အကြောင်းမရှိ။ ရွှေကိုစား၍လည်းမရ။  နိုင်ငံရေးမတည်ငြိမ်၊ လူတွေလက်ထဲ ငွေမထားချင်၊ ရွှေစုလိုသည်ကို အကြောင်းပြု၍ ဝိသမလောဘသား ရွှေဘုံသာလမ်းမှ ရွှေကုန်သည်တွေက ရွှေဈေးကို ဆွဲတင်သည်။ 


ဤသည်ကိုစစ်ခေါင်းဆောင်က မထိန်းနိုင်။ နောက်ဆုံးတွင် ဖမ်းရဆီးရလုပ်ရသည်။ ထိုနောက် ရွှေဈေးထိန်းချုပ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းကို တာဝန်ပေးသည်။ ရွှေအသင်းကြီးက အစည်းအဝေးလုပ်ပြီးတိုင်းဈေးတက်သည်ဖြစ်ရာ အသင်းကြီး အစည်းအဝေးလုပ်မည်ကို ကြောက်နေရသည်။ ရွှေအသင်းမှလူကြီးများကား ဂေါက်လေးရိုက်လိုက်၊ ရွှေဈေးတက်လိုက်ဖြင့် ပို၍ပို၍စီးပွားဖြစ်ကုန်သည်။ 


ရွှေကို လမ်းဘေးတွင်မရောင်းရ၊ ဆိုင် သို့မဟုတ် အသင်းရုံးတွင်သာရောင်းရမည်။ ရွှေအရောင်းအဝယ်လုပ်လျှင် ဆိုင်လိုင်စင်၊ အတုံးအခဲရောင်းသည့်လိုင်စင်လုပ်ရမည်၊ ပြည်ပမှ ရွှေကုန်ကြမ်းတင်သွင်းမည် စသည်ဖြင့် စည်းကမ်းချက်မျိုးစုံ သတ်မှတ်ခဲ့သော်လည်း ရွှေဈေးကား မကျပေ။ 


ဤအသင်းကလူများသည်ပင် ရွှေဈေးကစားရာတွင်ပါဝင်သူများဖြစ်ရာ ရွှေဈေးမကျသည်မှာ မဆန်း။ ယခုထိလည်း မကျပေ။ 


ဒေါ်လာဈေးဘာ့ကြောင့်တက်


ကုန်သွယ်ရေးကို ကိုဗစ်အကြောင်းပြ၍ ပိတ်ထားသည်ဖြစ်ရာ ပို့ကုန်များလည်း ကောင်းကောင်းမပို့နိုင်။ 


ပို့ကုန်မပို့နိုင်၍ နိုင်ငံခြားဝင်ငွေမရ သို့မဟုတ် ဒေါ်လာအရနည်းသွားသည်။ ရသည့်ဒေါ်လာကိုလည်း လုပ်ငန်းရှင်တွေက ပြည်တွင်းမှာ မထား။ စင်ကာပူဘဏ်တွေမှာသာ ထားသည်။ သူတို့အတွက် လိုအပ်သည့် သွင်းကုန်ဝယ်ယူရာတွင် ဒေါ်လာနှင့်သာ ဝယ်ယူရသည်ဖြစ်ရာ ကိုယ့်မှာရှိသည့် ဒေါ်လာကို ကိုယ်လိုချင်သည့် သွင်းကုန်ဝယ်ယူရန်သိမ်းထားခြင်းဖြစ်သည်။


ဤနေရာတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၏ သဘောသဘာဝကို အနည်းငယ်မျှဝေလိုသည်။ သူတို့သည် တစ်လိုင်းတည်းလုပ်ခြင်းမဟုတ်။ ပို့ကုန်လုပ်လျှင် သွင်းကုန်လည်းလုပ်သည်။ ထိုသို့လုပ်ရင် ငွေလဲကောင်တာလည်း ထောင်ထားသေးသည်။ ဘဏ်လည်းရှိသည်။ ဒီလိုမျိုးလုပ်နေခြင်းဖြစ်သည်။ 


ငွေလဲကောင်တာများတွင် လာရောက်ရောင်းချသည့် ဒေါ်လာများကို ပြန်မရောင်းတော့။ သွင်းကုန်သွင်းရန်အတွက် ဖယ်ထားလိုက်သည်။ ဤသို့ဖြင့် ဈေးကွက်အတွင်း ဒေါ်လာရှားလာသည်။ 


ဗဟိုဘဏ်က ဒေါ်လာရောင်းပေးသော်လည်း ဆင့်ပါးစပ်နှမ်းပက်သည့် ပမာဏသာဖြစ်သည်။ သူကိုယ်တိုင်ပင် နိုင်ငံခြားအရန်ငွေကြေး လုံလောက်အောင်ရှိသည်မဟုတ်။ ဤသို့ဖြင့် ဒေါ်လာဈေးမှာ နေ့စဉ်မြင့်တက်လာသည်။ ဒေါ်လာကလည်း ရှားလာသည်။ စစ်ခေါင်းဆောင်ကိုယ်တိုင်ပင် လျှပ်စစ်အတွက် သဘာဝဓာတ်ငွေ့အရည် (LNG) ဝယ်ဖို့ ဒေါ်လာမရှိ၍ အခက်ကြုံရသည်။ 


ထိုအခါ ဗဟိုဘဏ်က သုံးလအတွင်း ပို့ကုန်ဝင်ငွေကိုပြည်တွင်းဘဏ်တွင်ထည့်ရမည်ဆိုပြီး ကြေညာသည်။ မလိုက်နာသည့် လုပ်ငန်းတွေနှင့်ကုမ္ပဏီဒါရိုက်တာတွေကို အမည်ပျက်စာရင်းသွင်းသည်။ သိုသော်လည်း ဈေးကွက်ကို ထိန်းချုပ်ချင်သည့်သဘောဖြစ်ရာ မအောင်မြင်။ ယခုတိုင်လည်း မထူးခြားသည့် အခြေအနေဖြစ်သည်။ 


အာဏာမသိမ်းခင်က တစ်ဒေါ်လာ ၁၃၂၀ ကျပ် ကျော်သာရှိသည်။ ယခုမူ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၂၀၄၀ ဖြစ်လာသည်။ စစ်ခေါင်းဆောင်၏ ဈေးကွက်စီးပွားရေးအမြင်နှင့် စီမံခန့်ခွဲမှုအရည်အချင်းကို သိသာစေသည့် အချက်ဖြစ်သည်။ 


မည်သို့ပင်ဆိုစေ ဒေါ်လာဈေးကမူ ပြန်မကျ။ 


ဒေါ်လာဈေးမြင့်တက်နေသောကြောင့် ဒေါ်လာနှင့်တင်သွင်းရသည့် သွင်းကုန်ပစ္စည်းများအားလုံး ဈေးတက်သွားသည်။ ထို့အတူ စက်သုံးဆီ၊ စားအုန်းဆီမှစ၍ လက်လီပစ္စည်းအားလုံးဈေးတက်သည်။ ထိုဒဏ်ကို ပြည်သူတွေက ခါးစည်းခံရသည်။ 


တကျော့ပြန်အဆိုးကျော့ စီးပွားရေးမူဝါဒ


ဘောဂဗေ ဖခင်ကြီး အဒမ်စမစ်၏ လွတ်လပ်သည့်ဈေးကွက် (Laissez-Faire) သီအိုရီနှင့် အင်္ဂလိပ်လူမျိုး၊ ဘောဂဗေဒပညာရှင် ဂျွန်မေနက်ကိန်း (John Maynard Keynes, 1883-1946)၏ ထိန်းကျောင်းဈေးကွက်  Keynesianism (ကိန်းဝါဒ)က ကမ္ဘာပေါ်တွင် ထင်ရှားသည်။ 


အဒမ်စမစ်၏ လွတ်လပ်သည့်ဈေးကွက်ဟူသည် ရောင်းလိုအား၊ ဝယ်လိုအားကို ဈေးကွက်အလိုအတိုင်း လွှတ်ပေးထားပြီး အဆိုပါရောင်းလိုအား၊ ဝယ်လိုအားကပင် မမြင်ရသည့်လက် (Invisible Hand)အဖြစ် ဈေးကွက်ကို အလိုအလျောက်ထိန်းကျောင်းသွားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ 


ဂျွန်မေနက်ကိန်း၏  Manage Market ထိန်းကျောင်းဈေးကွက် အယူအဆကမူ ဈေးကွက်ကို လိုအပ်သည့် အချိန်တွင် အစိုးရက ဝင်ထိန်းရန်ဖြစ်သည်။


၁၉၂၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိုးရများက ဈေးကွက်ကို ဝင်ရောက်ထိန်းကျောင်းကာ စီးပွားရေးပြန်လည်ဦးမော့အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြင့် ကိန်း၏ အယူအဆကို သက်သေထူခဲ့သည်။ 


ဂျွန်မေနက်ကိန်း၏ အယူအဆမှာ ခေတ်သစ်ဘောဂဗေဒနယ်ပယ်တွင် ပိုမိုအလုပ်ဖြစ်လာဟန်ရှိသည်။ သို့သော်လည်း ဈေးကွက်ကို အစိုးရက ဝင်ရောက်ထိန်းကျောင်းသည်ဆိုရာတွင် အာဏာသိမ်းစစ်ကောင်စီ လုပ်သကဲ့သို့ ဈေးကွက်ထဲက ကုန်ပစ္စည်းများကို ဈေးနှုန်းသတ်မှတ် ပေးရခြင်းမျိုးမဟုတ်ပေ။ 


ဤသို့လုပ်ခြင်းသည် ဂျွန်မေနက်ကိန်းကို သိက္ခာချသည့် လုပ်ရပ်သာဖြစ်သည်။ 


ဈေးကွက်ကို ဝင်ရောက်ထိန်းကျောင်းခြင်းဆိုရာတွင် အမှန်တကယ်ဖြင့်သင့်သည်မှာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများသတ်မှတ်ပြီး ဈေးကွက်က သူ့သဘောသူဆောင် လည်ပတ်နိုင်ရန် လုပ်ဆောင်ပေးရခြင်းမျိုးဖြစ်သည်။ 


ဥပမာအနေနှင့် နိုင်ငံအတွင်း အလုပ်လက်မဲ့များလာချိန်တွင် အစိုးရက အသုံးစရိတ်များ များစွာသုံးခြင်းမျိုးဖြစ်သည်။ လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံတည်ဆောက်ခြင်းကဲ့သို့ ဆောက်လုပ်ရေးကဏ္ဍတွင် အစိုးရက အသုံးစရိတ်တိုး၍ သုံးစွဲခြင်းဖြင့် အောက်ခြေရှိ အလုပ်လက်မဲ့ပြည်သူများမှာ အလုပ်အကိုင်ရရှိလာပြီး ဝင်ငွေလည်းရှိလာတော့သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုတွင် ဤနည်းလမ်းက အလုပ်များစွာဖြစ်ခဲ့သည်။ အစိုးရက ဝင်ရောက်ထိန်းကျောင်းသည်ဆိုသည်မှာ ဤသို့သော ပုံစံမျိုးသာဖြစ်သည်။ 


ထို့ကြောင့်ပင် ဈေးကွက်ပျက်နေခြင်း၊ စီးပွားရေးကျခြင်းနေခြင်းကဲ့သို့ ကိစ္စများတွင် အစိုးရများက အာဏာနှင့်ဝင်ရောက်ထိန်းကျောင်း၍မရဘဲ စီးပွားရေးနည်းလမ်းများနှင့်သာ ဝင်ရောက်ထိန်းကျောင်းနိုင်မည်ဟု ပညာရှင်များက ဆိုသည်။ 


သို့သော်လည်း အာဏာသိမ်းစစ်ကောင်စီကမူ ဤသို့သော ဘောဂဗေဒအခြေခံကိုမျှနားမလည်ခြင်းပေလော။ သို့တည်းမဟုတ် တတ်သိနားလည်သည့် ပညာရှင်များ၏ အကြံဉာဏ်ကို လျစ်လျှူရှု၍ ကိုယ်ထင်ရာကိုယ်စိုင်းနေခြင်းပေလော။ မသိချေ။ 


ကုန်ဈေးနှုန်းကို ထိန်းချုပ်ရန် ကုန်ဈေးနှုန်းထိန်းချုပ်ရေးအဖွဲ့များ ဖွဲ့သည်။ ရွှေဈေးကျဆင်းရေး ရွှေအသင်းကို တာဝန်ပေးသည်။ စက်သုံးဆီဈေးကျဆင်းရေး စက်သုံးဆီအသင်းကိုတာဝန်ပေးသည်။ ဝန်ကြီးဌာနအနေနှင့်လည်း တာဝန်ယူဆောင်ရွက်စေသည်။ ထိုမျှမက စားအုန်းဆီကျဆင်းရေးအတွက်လည်း စားအုန်းဆီအသင်းကို တာဝန်ယူစေသည်။ ဝယ်လိုအားမြင့်ပြီး ဈေးကွက်လိုအပ်ချက်မြင့်နေသည့် ဒေါ်လာဈေးကိုလည်း ဈေးကွက်အလိုကျ လွှတ်မပေးဘဲ ကန့်သတ်ပြန်သည်။ 


အကျိုးဆက်မှာ မည်သည့်ကုန်စည်၏ ဈေးနှုန်းမှ ကျမသွားချေ။ ဒေါ်လာဈေးလည်းမကျ။ 


အာဏာသိမ်းစစ်ကောင်စီ၏ ဤသို့သော လုပ်ရပ်များကို စေ့ငုလျှင် ဆိုရှယ်လစ်စီးပွားရေးအတွေးအခေါ်နှင့် လုပ်နေခြင်းပင်ဖြစ်သည်။ ယခုကဲ့သို့ဈေးကွက်ကို  အဆင်ခြင်မဲ့ ဝင်ရောက်စွက်ဖက် ထိန်းကျောင်းခြင်းသည် အာဏာရှင်ဟောင်းဦးနေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ခေတ်တို့တွင် မအောင်မြင်ခဲ့ကြောင်း သက်သေထူခဲ့ပြီးဖြစ်သည်။ 


ထိုခေတ်ထိုအခါက ဤသို့သော မူဝါဒအလွဲများကို အညံ့စားစီမံခန့်ခွဲမှုများနှင့်ပေါင်းစပ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းသို့ ၁၉၈၇ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ 


ယခုအခါတွင်လည်း မူဝါဒအလွဲများကို ကျင့်သုံးခြင်းဖြင့် တကျော့ပြန် စီးပွားရေးချောက်ကမ်းပါးကို ကျဆင်းရန် တာစူလျက်ရှိသည်။ နိုင်ငံတကာနှင့် မြန်မာ့အရေးသုံးသပ်သူများ၏ နှုတ်ဖျားတွင် မြန်မာနိုင်ငံကို Fragile State ကျဆုံးနိုင်ငံအဖြစ် တွဲစပ်သုံးသပ်နေကြပြီဖြစ်သည်။ 


မြန်မာနိုင်ငံကြီး ဤသို့ဖြစ်၍ စီးပွားရေးကပ်ဘေးဆိုက်နေချိန်တွင် စစ်ခေါင်းဆောင်သည်ကား လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသကဲ့သို့ အကြိုက်တွေ့လျက်ရှိချေသည်။ 


အင်တာနက်ခများကို တိုးမြှင့်ကောက်ခံခြင်း၊ စစ်တပ်အကျိုးစီးပွားပါသည့် မိုင်တဲလ်လုပ်ငန်းများကို ချဲ့ထွင်ခြင်း၊ တယ်လီနောလ်ကို စစ်တပ်အကျိုးစီးပွားနှင့်ဆက်နွယ်သည့် ရွှေဗျိုင်းဖြူကုမ္ပဏီကို ရောင်းချစေခြင်းတို့ဖြင့် သူ့စီးပွားရေးအင်ပါယာကို ချဲ့ထွင်လျက်ရှိသည်။ 


အာဏာသိမ်းစစ်ကောင်စီ လက်အောက်က မြန်မာသည်ကား နိုင်ငံရေးကမတည်ငြိမ်၊ စီးပွားရေးကကျ၊ ကုန်ဈေးနှုန်းကကြီး၊ အလုပ်အကိုင်ကရှား၊ တရားဥပဒေမစိုးမိုးဘဲ မင်းမဲ့စရိုက်များ ပေါများလျက်ရှိသည်။ ပြည်သူများသည်ကား အလုပ်လက်မဲ့ဘဝများဖြင့် နေ့စဉ်ထမင်းနှပ်မှန်ရေး ရုန်းကန်နေကြရသည်။ 


ထိုအခါ ပြည်သူများကို ဆင်းရဲတွင်းနက်စေသည့် ဤသို့သော စီးပွားရေးမူဝါဒအလွဲများသည် မည်သည့်အတွက် ဖြစ်ပေါ်လာနည်းဟူသော မေးခွန်းတစ်ခုပေါ်ထွက်လာသည်။ 


အဖြေမှာ အာဏာသိမ်းခြင်းကြောင့်ဟု ဆိုရပေမည်။ ဤသည်မှာ ‘ခလုတ်တိုက်လည်း အာဏာသိမ်းလို့’ဟုဆိုသကဲ့သို့ ခပ်လွယ်လွယ်အကြောင်းပြခြင်းမဟုတ်။ 


စီးပွားရေးသည် သူချည်းမရပ်တည်နိုင်။ နိုင်ငံရေးနှင့်ဆက်စပ်နေသည်။ ဒင်္ဂါပြားတစ်ခု၏ခေါင်းနှင့်ပန်းကဲ့သို့ပင် ခွဲ၍မရ။ အာဏာသိမ်းသောကြောင့် လူတွေ ပြေးရလွှားရ၊ ပုန်းရရှောင်ရသည်။ စီးပွားရေးကောင်းကောင်း လုပ်၍မရ။ 


ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်ကပင်လှည်းတန်းလမ်းဆုံအနီးမှ ဈေးဆိုင်များကို အာဏာသိမ်းစစ်တပ်က မီးရှို့သွားသည်ကိုကြည့်လျှင် နိုင်ငံရေးနှင့်စီးပွားရေးအတွဲအစပ်ကို ထင်ထင်ရှားရှားတွေ့နိုင်သည်။ ပြီးခဲ့သည့် အရပ်သားအစိုးရလက်ထက်က ရန်ကုန်၊ လှည်းတန်းကဲ့သို့အထင်ကရ နေရာက မည်သည့်ဆိုင်များ မီးရှို့ခံခဲ့ရပါသနည်း။ 


အာဏာသိမ်းသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ကုန်သည်။ အထည်ချုပ်တွေပိတ်ကုန်သည်။ အလုပ်လက်မဲ့တွေဖြစ်ကြသည်။ ကုန်သွယ်လို့မရ။ ပိုက်ဆံပေးမှ ကားထွက်ခွင့်ပေးသည်။ အပိုကုန်ကျစရိတ် တွေတက်လာပြီး အထွေထွေကုန်ဈေးနှုန်းကကြီးလာသည်။ ဤသို့ဖြင့် သံသရာလည်နေခြင်းသာဖြစ်သည်။ 


အာဏာသိမ်းစစ်ကောင်စီလက်အောက်က မြန်မာ့စီးပွားရေးကို ဦးမော့လာစေရန် မည်သည့်ပညာရှင်ကမျှ ကယ်တင်နိုင်မည်မထင်ချေ။ အကြောင်းမှာ ပညာရှင်ဟူသည် အကြံပြုရုံ၊ လမ်းညွှန်ရုံသာတတ်နိုင်သည်။ သူကိုယ်တိုင်က ဆုံးဖြတ်ချက်ချနိုင်သူမဟုတ်။ 


ဆုံးဖြတ်ချက်ကို ချနိုင်သူသည်ကား အာဏာသိမ်းစစ်ခေါင်းဆောင်သာဖြစ်သည်။ 


ထို့အတူ ပြည်သူများသည်လည်း ကိုယ့်ကံကြမ္မာ ကိုယ်ဆုံးဖြတ်နိုင်၊ ဖန်တီးနိုင်ကြသည်။ နွေဦးတော်လှန်ရေးသည်ကား ဤသို့ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးရေး ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။ 


နွေဦးတော်လှန်ရေးမအောင်မြင်မချင်း ပြည်သူများသည်ကား အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ညံ့ဖျင်းသောစီမံမှုများနှင့် အဆိုးကျော့စီးပွားရေးမူဝါဒများအောက် တဝဲလည်လည်ဖြစ်နေဦးမည်သာ။ 




         ညိုထွန်း 

                                                                        စာပြီးချိန် 1:20AM, (4,7,2022)

Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေး ဘယ်လိုအစပြုခဲ့လဲ

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း