အာဏာရှင်မည်သည် - ညိုထွန်း

 


အာဏာရှင်ဗိုလ်ချုပ်မှူးကြီးက လျှပ်စစ်ဝန်ကြီးကို ရာထူးကဖြုတ်၍ ဝန်ကြီးအသစ်ကိုခန့်အပ်ကြောင်း သတင်း ကြေညာအပြီး မီးပြတ်သွားလေသည်။ လျှပ်စစ်မီးမမှန်သောပြသာနာသည် ပထမတော့ ပြည်သူကိုဒုက္ခ ပေးသည်။ နောက်တော့ လျှပ်စစ်ဝန်ကြီးကို ဒုက္ခပေးတော့သည်။ ပြဿနာ၏ ဦးတည်ချက် ရွေ့သွားခြင်းမဟုတ်သော်လည်း ကာလအတန်ကြာသောအခါ သူများပြဿနာ ကိုယ့်ပြဿနာဖြစ်လာခြင်းဖြစ်သည်။


အာဏာသိမ်းစစ်ကောင်စီလက်ထက် ပြည်သူတွေအနာ ဂတ်မှာ မှောင်မိုက်နေသည်။ အနာဂတ် မှောင်မိုက်သည့် နည်းတူ အိမ်တွင်၌လည်း မီးမရှိ မှောင်အတိဖြစ်နေ သည်။ လက်ရှိပြည်သူများခံစားနေရသည့် နိစ္စဓူဝပြဿ နာတွင် မီးပြတ်သည့်ပြဿနာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုးဆုံးကြုံရသည့်ပြဿနာများအနက်တစ်ခုဟုလည်း ဆိုနိုင်သည်။


လျှပ်စစ်မီးကို ပြီးခဲ့သည့် ရွေးကောက်ခံအစိုးရနှစ်ဆက်တွင် အတော်အတန် မောင်းတင်လုပ်နိုင်ခဲ့သည်။ ရလဒ် ကောင်းများလည်း ထိုက်သင့်သလောက်ရခဲ့ပြီး ပြည်သူ များကလည်း ကျေနပ်တန်သလောက် ကျေနပ်ခဲ့သည်။ ယခုမူ ထိုသို့မဟုတ်။ ခေတ်ကားပြောင်းပြီ။ တစ်နေ့လျှင် ခြောက်နာရီသို့မဟုတ် ရှစ်နာရီပင်မရ။ အချို့နေ့များတွင် ထိုထက်နည်းသည်။ အချိန်ဇယားစသည်ဖြင့် ထုတ်ပြန်ထားသော်လည်း လျှပ်စစ်မီးကို အချိန်ဇယားအတိုင်း ဘယ် တော့မှ မှန်မှန်ကန်ကန်မရသည်ကို  အထူးပြောရန်လိုမည်မထင်ပေ။




လျှပ်စစ်ပြဿနာနှင့်ပတ်သက်လျှင် ရေအား၊ လေအား၊ နေစွမ်းအင်၊ သဘာဝဓာတ်ငွေ့ ၊ ကျောက်မီးသွေး စသည့် အရင်းအမြစ်များက ထုတ်ယူကြသည်။ မဟာဓာတ်အားလိုင်းများမှ ဖြန့်ဖြူးရာတွင် ဓာတ်အားပျောက်ဆုံးမှုများ လည်း ရှိသည်။ နွေရာသီရေခမ်းချိန်တွင်လည်း လျှပ်စစ်ကလိုသလောက်ထုတ်မရ။ သို့သော် ဤကိစ္စများမှာ ပညာရပ်ဆိုင်ရာဖြစ်၍ ပညာရှင်များ၏ အလုပ်ဖြစ်ရာ ဝင်၍မှတ်ချက်ပြုခြင်းငှာ မစွမ်းပေ။


သို့သော် ဤသို့ပညာရပ်ဆိုင်ရာပြဿနာများသည် စစ်ကောင်စီလက်ထက်ကျမှ နေ့ချင်းညချင်းပေါ်လာခြင်းမ ဟုတ်။ ခေတ်အဆက်ဆက်အစိုးရလက်ထက်က ပြဿ နာများဖြစ်သည်။ သမ္မတ ဦးသိန်းစိန်၊ ဦးထင်ကျော်နှင့် ဦး ဝင်းမြင့်တို့ လက်ထက်ကလည်း ဤပြဿနာများရှိသည်။ ထိုပြဿနာများနှင့် နပန်းလုံး၍ ယခုထက်ပိုပြီး လျှပ်စစ် မီးမှန်အောင် ပေးနိုင်ခဲ့သည်ကို မမေ့သင့်ပေ။ သို့သော် အာဏာသိမ်းစစ်ကောင်စီလက်ထက် မီးမမှန်သည့်အ ကြောင်းရင်းနှစ်ချက်ရှိလာသည်။ ထိုအရာက သူတို့လက်ထက်ကျမှ ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။




လျှပ်စစ်မီးသည် တစ်နိုင်ငံလုံးအတွက် မရှိမဖြစ် ဖြစ် သည်။ သို့သော် စစ်ခေါင်းဆောင်များ အာဏာသိမ်းပြီးချိန်တွင် လျှပ်စစ်အတွက် ဘတ်ဂျက်မှာ အံ့ဩစရာကောင်းအောင် လျော့နည်းသွားသည်ကို တွေ့ရသည်။ NLD အစိုးရစ တက်သည့် ၂၀၁၅ - ၂၀၁၆ နှစ်တွင် လျှပ် စစ်ဘတ်ဂျက်သည် တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၁၂ ရာခိုင်နှုန်းဖြစ်သည်။


၂၀၁၆-၁၇ တွင် ၂၄ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၁၇-၁၈ တွင် ၂၁ ဒသမ ၈ရာခိုင်နှုန်း၊၂၀၁၈ ခြောက်လ ဘတ် ဂျက်တွင် ၂၂ ဒသမ ၄၅ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ  ၂၀၂၁-၂၂ ဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက်အထိ လျှပ် စစ်အသုံးစရိတ် ဘတ်ဂျက်သည် တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၁ ရာခိုင်နှုန်း အထက်တွင်သာ ရှိခဲ့သည်။ 


သို့သော် တိုက်ပွဲများပြင်းထန်လာသည့်ကာလ ၂၀၂၂-၂၃ ဘတ်ဂျက်တွင်မူ လျှပ်စစ်ဘတ်ဂျက်သည် တစ်နိုင်ငံလုံး အသုံး စ ရိတ်၏ ၃ ဒသမ ၈၆ ရာခိုင်နှုန်းသာရှိသည်။ ငွေအားဖြင့် ကျပ် ဘီလျံ ၆၀၀ သာရှိသည်။ ယခင်ကမူ တစ်နှစ်လျှင် ပျမ်းမျှကျပ် ဘီလျံ ၄,၈၀၀ ဝန်းကျင် သုံးစွဲခဲ့ခြင်းဖြစ်သည်။ ခုနှစ်ဆလောက် လျော့သွားခြင်းဖြစ် သည်။ ၂၀၁၁ နောက်ပိုင်း လျှပ်စစ်ကဏ္ဍအတွက် အနည်း ဆုံးသုံးစွဲခြင်းဖြစ်သည်။


ဤသို့ဆိုလျှင် အာဏာသိမ်းစစ်ကောင်စီက အဘယ့်ကြောင့် လျှပ်စစ်ကဏ္ဍတွင် ဘတ်ဂျက်လျှော့၍ သုံးသနည်းဟု ဆိုလျှင်  ငွေမရှိသောကြောင့်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ငွေမရှိသည်ဟုဆိုပါက ပြည်သူများက အခွန်မဆောင် သော ကြောင့်ဖြစ်သည်။ နွေဦးတော် လှန်ရေး ဆန္ဒပြမှုများအပြီးတွင် အာဏာသိမ်းသည်ကို မခံရပ်နိုင်သော ပြည် သူများက အခွန်မဆောင်ကြ။ လျှပ်စစ်မီတာခဆိုလျှင် ပို၍ပင်မဆောင်။နောက်ပိုင်းတွင်  မီတာခ မဆောင်လျှင် အဓမ္မ ကြိုးဖြုတ်သွားခြင်း၊ သေနတ်ကိုင် ၍ ခြိမ်းခြောက်ခြင်းတို့ကြောင့်သာ မဖြစ်မနေဆောင်နေကြခြင်းဖြစ်သည်။ သို့သော် ယနေတိုင် မီတာခမဆောင်သူများလည်း ကြံကြံခံကာ ရှိနေသေးသည်။


တစ်ဖက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီသည် လျှပ်စစ်ကဏ္ဍတွင် ဘတ်ဂျက်လျှော့ချသော်လည်း ကာကွယ် ရေးတွင်မူ ဘတ်ဂျက်ကမလျော့သွား။အကြောင်းမှာ စစ်ကောင်စီသည် အာဏာသိမ်းပြီးသည့်နှင့် နောက်ရက်များ တွင် ကန့်ကွက်မှုမျိုးစုံကိုကြုံတွေ့ရသည်။ လပိုင်းအကြာတွင် လက်နက်ကိုင်တော်လှန်မှုများကို ကြုံ တွေ့ရ သည် ဖြစ်ရာ လျှပ်စစ်ကို မစဉ်းစားအား။ လက် နက်ဖြည့်တင်းရေးကိုသာ စဉ်းစားရလေသည်။ 


ထို့ကြောင့် ကာကွယ်ရေး ဘတ်ဂျက်ကိုကား မလျှော့ရဲချေ။

NLD အစိုးရစတက်သည့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေး ဘတ်ဂျက်သည် တစ်နိုင်ငံလုံး အသုံး စ ရိတ်၏ ၁၃ ဒသမ ၃၄ ရာခိုင်နှုန်းဖြစ်သည်။၂၀၁၆-၁၇ တွင် ၁၄ဒသမ၃၁ ရာခိုင်နှုန်း၊၂၀၁၇- ၁၈ တွင် ၂၁ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၈ ခြောက်လဘတ်ဂျက်တွင် ၁၄ ဒသမ ၁၆ ရာခိုင်နှုန်း ဖြစ်သည်။ ၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ - ၂၂ ဘဏ္ဍာနှစ် ခြောက်လဘတ်ဂျက်အထိ ကာ ကွယ်ရေးအသုံးစရိတ် ဘတ်ဂျက်သည် တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်း မှ ၁၄ ရာခိုင်နှုန်း အထိသာ ရှိခဲ့သည်။


တိုက်ပွဲများပြင်းထန်လာသည့်ကာလ ယခု ၂၀၂၂-၂၃ ဘတ်ဂျက်တွင်မူ ကာကွယ်ရေးဘတ်ဂျက်သည် တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၁ ရာခိုင်နှုန်းအထိ ရှိလာသည်။ ငွေအားဖြင့် ကျပ် ဘီလျံ ၃,၇၀၀ ဖြစ်သည်။ ဤပမာဏသည် ၂၀၁၁ နောက်ပိုင်း ကာကွယ်ရေးအတွက် စံချိန်တင်အသုံး စရိတ်ဖြစ်သည်။ လျှပ်စစ်အတွက် ကျပ်ဘီလျံ ၆၀၀ သုံး ချိန် စစ်တပ်အတွက် ကျပ် ဘီလျံ ၃,၇၀၀ သုံးနေခြင်းဖြစ်သည်။


ထိုကာကွယ်ရေးစရိတ်သည် ပြည်ပရန်ကိုကာကွယ်ရန်မဟုတ်။ ပြည်တွင်း၌ တိုင်းရင်းသားများကို တိုက်ရန်သုံး နေ ခြင်းဖြစ်သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေးတပ်သားများကို တိုက်ခိုက်ရန် သုံးနေခြင်း ဖြစ်သည်။


စစ်ကောင်စီကို နောက်ထပ်ထိုးနှက်နေသည့်တစ်ချက်မှာ ကမ္ဘာ့ သဘာဝဓာတ်ငွေ့ LNG စျေးမြင့်တက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်မီးပြတ်ခြင်းသည် စစ်ကောင်စီတွင် ငွေမရှိ၊၊ ငွေမရှိ၍ LNG မဝယ်နိုင်သော


ကြောင့် မီးပြတ်ရခြင်းဟု အကြောင်းရင်းတစ်ခုအနေနှင့် ယူသော်ရပေသည်။ သို့သော် အဓိက အကျဆုံးအချက်က အာဏာသိမ်းလိုက်ခြင်းကြောင့်ဖြစ်သည်။


ကမ္ဘာဘဏ်က ဧပြီလတွင် ထုတ်ပြန်သော အခြေခံအဆောက်အဦဆိုရာအစီရင်ခံစာကလည်း အာဏာသိမ်းသော ကြောင့် မြန်မာတွင် မီးပိုပြတ်သည်ဟု ဆိုပါသည်။ နောက်တစ်ချက်မှာ တော်လှန်ရေးအစောပိုင်းကာတွင် ဒေသ ခံ ကာကွယ်ရေးတပ်များက ဓာတ်အားလိုင်းများကို ဗုံးခွဲခြင်းကြောင့်ဖြစ်သည်။ထို့ကြောင့် မီးပြတ်လေသည်။ ဤ သည်မှာလည်း အာဏာမသိမ်းလျှင်မခွဲ အာဏာသိမ်းခြင်းကြောင့်သာ ခွဲခြင်းဟူ၍ သာမှတ်ယူနိုင်သည့်ကိစ္စဖြစ်သည်။


"ပြည်တင်းလျှင် မင်းမခံနိုင်"ဟူသော မြန်မာဆိုရိုးရှိသည်။ ပြည်သူ့ဆန္ဒကိုဖီဆန်၊ ပြည်သူကိုဖိနှိပ်သော အဘယ် အုပ်ချုပ်သူသည် တိုင်းပြည်ကို ကောင်းစွာအုပ် ချုပ်နိုင်မည်နည်း။ ပုံမှန်အခြေအနေမျိုးတွင် လျှပ်စစ်မီးပြဿနာ သည် ပညာရှင်ဆိုင်ရာကိစ္စဖြစ်သည်။ နိုင်ငံအုပ်ချုပ်သူများ၏ ရေရှည်အမျှော်နှင့် မဟာဗျူဟာကျကျ စီမံရသည့် ကိစ္စဖြစ်သည်။ သဘာဝ၏ လက်ဆောင်၊ နိုင် ငံ၏ အားသားချက်များကို သုံး၍ အကောင်အထည် ဖော်ရသည့်ကိစ္စ ဖြစ်သည်။ ယခုမူ အခြေအနေက ထိုသို့မဟုတ်။


နိုင်ငံသည် နှစ်စဉ် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၁၅ ရာခိုင်နှုန်းတိုးလျှက်ရှိသည်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာ တွင် လူကြောင့်၊ နည်းပညာကြောင့် လေလွင့်မှုများရှိနေသည်။ လက်ရှိအခြေအနေတွင် ထူးခြားပြီး လျှပ် စစ်မီး လာရန် ခိုင်လုံသည့်အကြောင်းရင်း မရှိသေးချေ။ ကမ္ဘာ့ဘဏ်အစီရင်ကလည်း မီးပိုပြတ်မည်ဟုသာဆိုထား သည်။ လျှပ်စစ်ကဏ္ဍတွင် ကျွမ်းကျင်သည့် ပညာရှင် ဒုဝန်ကြီးဟောင်းတစ်ဦး၏ အဆိုအရဆိုလျှင် ဇွန်လဆန်းအထိ မီး ပြတ်သည့်ဒဏ်ကို ပြည်သူတွေ လှိမ့်ခံကြရရန်သာရှိသည်။


ယခုမူ ဉာဏ်နည်းသော စစ်ခေါင်းဆောင်တို့လမ်းစဉ်အ တိုင်း ဖိနပ်နှင့်မတော်သည့်ခြေထောက်အတွက် ဖနောင့်ကို လှီးဖြတ်လိုက်တော့သည်။ အလှီးခံဖနောင့်ပိုင်ရှင်ကို ဝန်ကြီးပြုတ်ဟုခေါ်သည်။


                                                                                                                                    ညိုထွန်း


ဤ ဆောင်းပါး ကို Burma Associated Press မီဒီယာတွင် ၂၀၂၂ ခုနှစ် ၊မေလ ၆ ရက်က ဖော်ပြခဲ့ပြီးဖြစ်သည်။

Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

အာဏာရှင်အကျိုးစီးပွားအတွက် အသုံးချခံဖြစ်နေရတဲ့ ဗုဒ္ဓဘာသာ - ညိုထွန်း

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း