မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှု ဗဟိုချက် - ညိုထွန်း






''မြန်မာစစ်တပ်မှာ အခြားသောအာရှတိုက်ရှိ အာဏာရှင်နိုင်ငံများမှ စစ်တပ်များကဲ့သို့မဟုတ်ဘဲ နောက်ကွယ်တွင် ကျန်ရှိနေနိုင်ပြီး မိမိ၏အကြွင်းမဲ့အာဏာကို စွန့်လွှတ်ရာတွင်လည်း တုံ့ဆိုင်းနေနိုင်ပါသည်။ ထို့ကြောင့်အသွင်ကူး ပြောင်းမှု ဒီရေကျအန္တရာယ်ရှိနိုင်သည်'' 

                                                                                ဒန်စလိတ်တာ၊ 
                                                                                ချီကာဂိုတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန တွဲဖက်ပါမောက္ခ


၂၀၁၇ ခုနှစ် ဇူလိုင်လထုတ် မြန်မာကွာတားလီးဂျာနယ်ပါ ချီကာဂိုတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ဒန်စလိတ်တာ၏ ကြိုတင်မှန်းဆချက်တစ်ခုသည် ယခုအခါ အမှန်ပင် ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲချမ်းသာကွာဟမှုကြီးမားသော၊ စက်မှုနိုင်ငံမဟုတ်သေးဘဲ လယ်ယာစိုက်ပျိုးရေး အ ခြေခံ စီးပွားရေးတွင်သာ တဝဲလည်လည်ဖြစ်နေသော၊ ဒီမိုကရေစီ ရေခံမြေခံတစ်ခုဖြစ်သည့် လူလတ်တန်းစားအလွှာ အားနည်းသော၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားမကောင်းသော၊ လူမှုရေး တန်းတူညီမျှမှုအားနည်းသော နိုင်ငံများ တွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှုသည် ခြိမ်းခြောက်မှုများစွာကြုံရနိုင်သည်ဟု ပညာရှင်များကဆိုနှင့်ခဲ့ကြပြီးဖြစ် သည်။  ဆိုခဲ့သည့်အတိုင်းပင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်း အရှိန်အ ဟုန်ဖြင့်သွားနေသော မြန်မာ့နိုင် ငံရေး အသွင်ကူးပြောင်းမှုသည် တုံ့ဆိုင်းသွားသည်။ သို့မဟုတ် ဒီမိုကရေစီ အသွင် ကူးပြောင်းမှုသည် နောက်ပြန်လှိုင်းနှင့် ကြုံခဲ့ပြီဖြစ်သည်။




အသွင်ကူးပြောင်းမှု လမ်းနှစ်သွယ်


ဒီမိုကရေစီအကူးအပြောင်းများသည် နည်းလမ်းနှစ်ခုနှင့်ဖြစ်ပေါ်လာသည်ဟု ပညာရှင်များကဆိုထားသည်။ တစ်ခု မှာ အာဏာရှင်များ အားနည်းသွားသောကြောင့် အ သွင်ကူးပြောင်းမှု မဖြစ်မနေဖြစ်ပေါ်လာရခြင်းဖြစ်သည်။ အား နည်းမှုဟူသည် အာဏာရှင်အစိုးရများ ပြိုကွဲနေခြင်း၊ အတိုက်အခံများ အလွန်အမင်း အင်အားကောင်းလာခြင်း၊ စီး ပွားရေးစနစ် ပျက်ယွင်းသွားခြင်းနှင့် နိုင်ငံတကာဖိအားပြင်းထန်လာခြင်း စသောအချက်များဖြစ်သည်။ နောက် တစ်ချက်မှာ အာဏာရှင်များကိုယ် တိုင် ရွေးချယ်သော အပြောင်းအလဲဖြစ်သည်။ နိုင်ငံရေးအရ ထွက်ပေါက်ရှာ၍  အာဏာကို နောက်ကွယ်မှ ထိန်း ချုပ်ထားရန် ရည်ရွယ်ကာ အပြောင်းအလဲကို စတင်ခြင်းဖြစ်သည်။ အနှစ်ချုပ်မှာ မဖြစ် မနေလုပ်ရသည့် အသွင်ကူးပြောင်းမှုနှင့် ထွက်ပေါက်ရှာ အာဏာဆွဲဆန့်ထားသည့် အသွင်ကူးပြောင်းမှုဟု မှတ်ယူနိုင်ပါသည်။


မြန်မာနိုင်ငံတွင် ၁၉၈၈ လူထုအုံကြွမှု၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးများဖြစ်ပေါ်ခဲ့သော်လည်း အဓိကကျသည့် အာဏာကို စစ်အစိုးရက ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။ စီးပွားရေးမှာလည်း သယံဇာတရောင်းချ
သည့် စီးပွားရေး ဖြင့် လည်ပတ်နေဆဲဖြစ်သည်။ နိုင်ငံတကာစင်မြင့်တွင်လည်း တရုတ်၏ ကျော ထောက်နောက်ခံဖြင့် အရေးကြီး ကိစ္စများကို ကျော်လွှားနိုင်ခဲ့သည်သာဖြစ်သည်။ ဤသို့သော အခင်းအကျင်းတွင် ရွေးကောက်ပွဲကျင်းပကာ သမ္မတ ဦးသိန်းစိန်လက်ကို အာဏာအပ်၍ အသွင်ကူးပြောင်းမှု စတင်ခဲ့ခြင်းဖြစ် သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အ ပြောင်းအလဲသည် ဒုတိယနည်းလမ်းအပြောင်းအလဲဖြစ်သည်။


အလုံးစုံ အာဏာစွန့်လွှတ်ရေးနှင့် အကျိုးစီးပွားဆိုင်ရာ စိုးရိမ်မှု၊ ကာကွယ်မှုများ


လွန်ခဲ့သည့် ဆယ်နှစ်တာအတွင်း အာဏာကို အကြွင်းမဲ့စွန့်လွှတ်ရန် စစ်ခေါင်းဆောင်များ စိုးရိမ်တကြီးဖြစ်ခဲ့ သည်။ သူရဦးရွှေမန်းနှင့် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးလမ်းခွဲ၊ နေပြည်တော် သန်းခေါင်ယံ အာဏာ သိမ်းမှု၊ NLD ၏ အခြေခံဥပဒေပြင်ဆင်ရေး၊ နိုင်ငံရေးမှ စစ်တပ်ထွက်ခွာရန် ပြည်သူများ၏ နိုးကြားမှုများသည် ထိုသို့စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ အဓိကအားဖြင့် စစ်ခေါင်းဆောင်များ၊ ၎င်းတို့နှင့်နှီးနွယ်သူများ၏ အ ကျိုးစီး ပွားအပေါ် ခြိမ်းခြောက်စပြုလာသည့်ဟု ၎င်းတို့ကိုယ်တိုင် ခံစားစပြုလာကြခြင်းဖြစ်သည်။


ဥပမာအားဖြင့် သမ္မတဦးသိန်းစိန်က တယ်လီကွန်းအော်ပရေတာရွေးချယ်ရာတွင် ပြည်ပတင်ဒါကုမ္ပဏီများကို ပွင့် လင်းမြင်သာစွာ ဖိတ်ခေါ်ရွေးချယ်ခြင်းကဲ့သို့ အဖြစ်အပျက်များက ပြည်တွင်းရှိ စစ်တပ်လက်ကိုင် တုတ် ခရိုနီများ၊ အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးစီးပွားအရ ရတက်မအေးစရာဖြစ်ခဲ့သည်။ နောက်တစ်ချက် မှာ စစ်တပ်နှင့်ခရိုနီများ မတရားရယူထားသည့် သိမ်းဆည်းလယ်ယာမြေပြန်ပေးရေးကဲ့သို့သောကိစ္စဖြစ်သည်။  


ယခုအခါ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသော ဇေကမ္ဘာဦးခင်ရွှေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့စဉ်က သိမ်းဆည်းလယ်ယာမြေ ပြန်လည်ပေးအပ်ရေးဂယက်ကြောင့် ညညအိပ်မပျော်ဖြစ်ရပါသည်ဟုပင် အမျိုး သား လွှတ်တော်တွင် လူသိရှင်ကြားဆိုခဲ့သည်။


လူမူရေးတန်း တူညီမျှမှုနည်းသည့်နိုင်ငံများတွင် အသွင်ကူးပြောင်းမှုကို အခွင့်ထူးခံများက အပြင်းအထန် ဟန့် တားကြသည်ဟု ပညာရှင်များက ဆိုသည်။  မြန်မာအနေနှင့် သာဓကဆိုရလျှင် သမ္မတဦးသိန်းစိန်လက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်မှုဥပဒေ FDI Law ရေးဆွဲခဲ့စဉ်က လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းကိုယ်တိုင်ပင်လျှင် ၎င်းတို့မိ သားစု၏အကျိုးစီးပွား၊ ပတ်သက်ဆက်နွယ်သူများ၏ အကျိုးစီးပွားကြောင့် ထိုဥပဒေပါအချက်များကို ကန့်သတ်ခဲ့ သည်များရှိခဲ့သည်။ လုပ်ပိုင်ခွင့်၊ ပါမစ် ၊ တင်ဒါ ၊ ခွင့်ပြုချက်များကို ယခင်စစ်အာဏာရှင်ခေတ်ကကဲ့သို့ အကျိုး စီး ပွားအရ လက်ဝါးကြီးအုပ်နိုင်ရေး အာဏာ သိမ်းရန်တောင်းဆိုမှုများသည် ၂၀၂၀ရွေးကောက်ပွဲအပြီးတွင် ပေါ်ပေါက် လာခဲ့သည်။


အခြေခံဥပဒေဆိုင်ရာကျွမ်းကျင်ပညာရှင် ဒေါက်တာအင်ဒရူးငွန်ကျုံးလျန်၏ စစ်တပ်အကြီးအကဲများနှင့် ကြံ့ခိုင် ရေးပါတီထံ ပေးပို့သည့်အီးမေးလ်တွင် ထိုသို့သော အာဏာသိမ်းရန်သဘောမျိုး သက်ရောက်သည့် အကြံပြုချက် များကို တွေ့နိုင်ပေသည်။ ထို့အတူ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်း၏ စာအုပ်တွင်လည်း အာ ဏာသိမ်းရန် တောင်းဆိုမှုများကို တွေ့နိုင်ပေသည်။





အာဏာသိမ်းခြင်း


ထို့ကြောင့် အသွင်ကူးပြောင်းမှုဖြစ်ပေါ်လာပြီးနောက်ပိုင်း အာဏာနှင့် အကျိုးစီးပွားဆိုင်ရာခြိမ်းခြောက်မှုများကို ကြုံတွေ့ခဲ့ရသည့် စစ်ခေါင်းဆောင်များက ၂၀၂၀ ရွေး ကောက်ပွဲမဲကိစ္စကိုအကြောင်းပြု၍  အာဏာသိမ်းခဲ့ကြသည်။ အာဏာသိမ်းမှုသည် မည်သို့ပင်အကြောင်းပြချက်ပေး၍ ခေါင်းစဉ်တပ်ထားစေကာမူ စစ်ခေါင်းများနှင့် ယင်းတို့၏ လက်ဝေခံများအနေဖြင့် အာဏာနှင့်အ ကျိုးစီးပွားဆိုင်ရာ ခြိမ်းခြောက်မှုကို လက်နက်အားကိုးလက်တုံ့ပြန်ခြင်း ပင်ဖြစ်သည်။ ဤသို့အာဏာသိမ်းရာတွင် အခွင့်ထူးခံများ၊ စစ်တပ်လက်ကိုင်တုတ် စီး ပွားရေးသမားအချို့၊ မင်းတိုင် ပင်ဖြစ်ချင်သောပညာရှင်အချို့၊ အမည်ခံ အမျိုးသားရေးဝါဒီကို သက်ဝင်သော ပါတီတချို့၏တောင်းဆိုမှုများပါဝင် သည်ကို မမေ့အပ်ပေ။



အသွင်ကူးပြောင်းမှုတင်ကူးအခြေအနေ


စစ်ခေါင်းဆောင်များက ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းခဲ့ကြပြီးနောက် ယခုကဲ့သို့ လူထုက အင် အားအလုံးအရင်းဖြင့် ပြန်လည်ခုခံကြလိမ့်မည်ဟုကား ကြိုတင်တွေးထင်ထားခြင်းမရှိပါ။ သမိုင်းတွင်ပေါ်ပေါက်ခဲ့ သည့် ထင်ရှားသော အရေးတော်ပုံများကဲ့သို့ ဆန္ဒပြမှုများ၊ တောင်းဆိုမှုများဖြင့်သာ အဆုံးသတ်ချုပ်ငြိမ်းသွားမည် ဟု မှတ်ထင်ခဲ့ကြသည်။ ဤသို့သော အခြေအနေကို ပြောင်းလဲပစ်ခဲ့သည်မှာ Generation Z များဖြစ်သည်။ ဒီမိုက ရေစီတစ်ပိုင်းတစ်စအရသာကို လွန်ခဲ့သည့် ၁၀ နှစ်အတွင်း မြည်းစမ်းခဲ့ကြသည့်အလျောက် လွတ်လပ်ခြင်းနှင့် တ ရားမျှတခြင်းအတွက် လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။


မြန်မာနိုင်ငံသည် ၂၀၁၀ တွင် အသွင်ကူးပြောင်းမှုစတင် သည်ဟု ဆိုငြားအံ့။ ၂၀၂၁ တွင် အသွင်ကူးပြောင်းမှု နောက်ပြန်လှိုင်းနှင့် တွေ့ခဲ့ပြီ။ ယခုအခါတွင်မှု အသွင်ကူးပြောင်းမှု နောက်တစ်ကြိမ်အတွက် အားယူလျက်ရှိသည်။ ထို့ကြောင့် ယခုအခြေအနေကို အသွင်ကူးပြောင်းမှု မဖြစ်ပေါ်သေးမီ အသွင်းကူးပြောင်းမှု တင်ကူးအခြေအနေဟု ဆို ရ ပေမည်။





ရွေးချယ်စရာများ

အသွင်ကူးပြောင်းမှုများတွင် -

(၁)အာဏာရှင်များ မဖြစ်မနေအခြေအနေကြောင့်လုပ်ရသည့် အသွင်ကူးပြောင်းမှုနှင့်၊ (၂)ထွက်ပေါက်ရှာ အာဏာ ဆွဲဆန့်ထားသည့် အသွင်ကူးပြောင်းမှုဟူ၍ ပုံစံနှစ်မျိုးရှိကြောင်း အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။


၂၀၁၀ - ၂၀၁၁ အသွင်ကူးပြောင်းမှုသည် ထိုနှစ်မျိုးအနက် ဒုတိယပုံစံဖြစ်သည်။ ထို့အတွက် အသွင်ကူး ပြောင်းမှု နောက်ပြန်လှိုင်းနှင့်ကြုံရသည်။ အာဏာရှင်တို့၏ ခြိမ်းခြောက်မှု ပြန်လည်တုံ့ပြန်မှု အားကောင်းသည်။  ထို့ကြောင့် ယခုအခါ မည်သည့်နည်းကို ရွေးမည်နည်းဟု စဉ်းစားရမည်ဖြစ်သည်။ ဒုတိယနည်းအလုပ်မဖြစ်၍ ပထမနည်းကို ရွေးပြီးဆိုလျှင် အတိုက်အခံက အင်အားကြီးရန်လိုသည်။ စုစည်းမှုရှိရန်လိုသည်။ နိုင် ငံရေးအမြော်အမြင် အား ကောင်းရန်လိုသည်။ အဝေးမြင် သန်စွမ်းရန်လည်း လိုသည်။


ထိုအခါ ယနေ့အတိုက်အခံများဟုဆိုရမည့် NUG နှင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များ၏ စုဖွဲ့မှုနှင့် ဉာဏ်အမြော် အမြင်သည် အဓိကကျလာသည်။ စစ်တပ်ကဲ့သို့ သမိုင်း ကြောင်းချီသည့် အင်စတီကျူးရှင်းတစ်ခုကို အပြုတ်တိုက် လမ်းစဉ်ဖြင့် ဖယ်ရှားနိုင်မည်ကတော့ ဖြစ်တန်ခြေနည်းသည့် ကိစ္စဖြစ်ကြောင်း ယထာဘူတကျကျ စဉ်းစားနိုင်ပါ သည်။ သို့သော်လည်း အာဏာရှင်စစ်ခေါင်းဆောင်များကို အောင်မြင်ပြီး စစ်တပ်ကို စစ်တန်းလျားသို့ ဂုဏ်သိက္ခာ ရှိရှိပြန်ပို့နိုင်ရေးကမူ ဖြစ်နိုင်ခြေရှိသည့် ကိစ္စဖြစ်သည်။ ထပ်၍ဆိုပါမည်။ ထိုသို့လုပ်ဆောင်နိုင်ရန် အတိုက်အခံတို့ အင်အားကြီးရန်လိုပါသည်။


အတိုက်အခံတို့အင်အားကြီးလာချိန်တွင် စစ်တပ်ကဒိုင်ယာလော့ဒ် ပြောပါလိမ့်မည်။ ထိုအခါတွင် အသွင်ကူး ပြောင်းမှု ပထမနည်းဟု ညွှန်းဆိုသည့် အာဏာရှင်စစ်ခေါင်းဆောင်တို့ မဖြစ်နေလုပ်ဆောင်ရသည့် အသွင်ကူး ပြောင်းမှု စတင်ပေါ်ပေါက်ပါလိမ့်မည်။ ဤနည်းသည်သာ အသွင်ကူးပြောင်းမှု အားကောင်းပြီး ဒီမိုကရေစီနည်းကျ အရပ်သားတို့ အားကောင်းလာစေမည့်လမ်းစဉ်လည်းဖြစ်သည်။ 


ထိုသို့ဆိုလျှင် ပြည်သူတွေမျှော်လင့်သည့် ဖက်ဒ ရယ်ပြည်ထောင်စု အိပ်မက်ကား နီးလာမည်ဖြစ်သည်။ သို့မဟုတ် တခြားသော အော်တာနေးတစ် စဉ်းစားချက် များ ရှိလျှင်လည်း နိုင်ငံ့အရေးအတွက် စဉ်းစားနိုင်ပါသည်။

                                                                                                                                            ညိုထွန်း

ဤဆောင်းပါးကို Burma Associated Press မီဒီယာတွင် ၂၀၂၂ ခုနှစ် ၊မေလ ၄ ရက်က ဖော်ပြခဲ့ပြီးဖြစ်သည်။ 

Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေး ဘယ်လိုအစပြုခဲ့လဲ

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း