'ဝ'တွေ ပို့ချတဲ့ နိုင်ငံရေးသင်ခန်းစာ - ညိုထွန်း





စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံပြီးနောက် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားချက်များမှာ စိတ်ဝင်စားဖို့လည်းကောင်းပြီး ‘ဝ’တို့၏ ရည်မှန်းချက်များနှင့် လက်တွေ့နိုင်ငံရေးဗျူဟာကိုလည်း တစွန်းတစလှစ်ဟထားသည်ကို တွေ့နိုင်မည်ဖြစ်သည်။

ကနဦးအနေနှင့် ဤစာစုတွင် ‘ဝ’သမိုင်း ၊‘ဝ’ ပြည်နယ်နှင့်မျှော်မှန်းချက်၊ ထုတ်ပြန်ချက်ကပြောသောနိုင်ငံရေး နှင့် ‘ဝ’တို့၏ လက်တွေ့နိုင်ငံရေး ဟူ၍  အပိုင်းလေးပိုင်းခွဲကာ တင်ပြမည်ဖြစ်သည်။ 



‘ဝ’သမိုင်း


‘ဝ’သမိုင်းဟုဆိုရာတွင် ‘ဝ’လူမျိုးတို့၏ သမိုင်းကြောင်းကို မဆိုလို။ UWSP/UWSA ၏ သမိုင်းကြောင်းကို ပြောလိုခြင်းဖြစ်သည်။  UWSP သည် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ UWSA သည် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဖြစ်သည်။

ဤအကြောင်းကိုပြောလျှင် ဗမာပြည်ကွန်မြူနစ်ပါတီ(CPB)အကြောင်းကို ပြောရပေမည်။ လွတ်လပ်ရေးရပြီး လပိုင်းမျှအကြာတွင် သခင်သန်းထွန်းဦးဆောင်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌသခင်ဗသိန်းတင်လက်ထက် ၁၉၈၉ ခုနှစ်တွင် တပ်တွင်းပုန်ကန်မှုဖြစ်သည်။ 

ဘိန်းအရောင်းအဝယ်ကိုထဲထဲဝင်ဝင်ပတ်သက်နေသည့် ဖုန်ကျားရှင်က CPB ခေါင်းဆောင်မှုကို ပြောင်ပြောင်တင်းတင်းစိန်ခေါ်ကာ မုံကိုးမြို့ကို သိမ်းပိုက်လိုက်လေသည်။ 

ကိုးကန့်ဒေသမှစသော ဤပုန်ကန်မှုသည် နောက်ဆုံးတွင် CPB ဌာနချုပ်ပန်ဆန်းပါ ကျဆုံးသွားပြီး မြန်မာပြည်အစိုးရကို ခြိမ်းခြောက်နိုင်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီလည်း ပြိုကွဲသွားတော့သည်။ 

UWSA သည် တစ်ခါက ဗမာပြည်ကွန်မြူနစ်ပါတီ၏ တိုက်ခိုက်ရေးတပ်ဖွဲ့များအဖြစ် စုစည်းထားသော လူမျိုးစုလက်နက်ကိုင်လေးဖွဲ့အနက်မှတစ်ဖွဲ့ဖြစ်သည်။ ၁၉၈၉ မတိုင်ခင်ကဆိုလျှင် ‘ဝ’ဒေသတွင် တရုတ်တို့ဆောက်လုပ်ပေးသော ကွန်ကရစ်အဆောက်အအုံ အသံလွှင်ရုံသာ ပြစရာရှိသော်လည်း ယခုမူ ခေတ်သစ်တရုတ်ပြည်အလားဖြစ်သည်။ 

UWSA သည် ၁၉၈၉ ခုနှစ် မေလ ၉ ရက်တွင် ငြိမ်းချမ်းရေးယူလေသည်။ ၁၉၉၃ ခုနှစ်တွင် ခွန်ဆာ၏ MTA တပ်များနှင့်တိုက်ပွဲဖြစ်ပြီး မြန်မာစစ်တပ်က ‘ဝ’တို့ဘက်ကနေ ကူတိုက်ပေးခဲ့ရသည်။

ခေတ်သစ် UWSA သည် ဗမာပြည်ကွန်မြူနစ်ပါတီထက်သာလွန်သည်မှာ အင်အားကြီးခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့ကို စနစ်တကျဖွဲ့စည်းထားနိုင်ခြင်း၊ လက်နက်ကောင်းများရှိခြင်းတို့ဖြစ်သည်။ 

၂၀၁၉ ဧပြီလတုန်းက ကျင်းပခဲ့တဲ့ ‘ဝ’ဒေသ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားတွင်လည်း သူတို့အစဉ်အလာအတိုင်း လက်နက်တွေကို ထုတ်ဖော်ပြသခဲ့သေးသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက "တပ်မတော်က ငြိမ်းချမ်းရေးလိုချင်လို့ တချို့ဟာလေးတွေမှာ အစွမ်းကုန် သည်းခံနေတာ"ဟု ပြောကြားခဲ့သေးသည်။ 

‘ဝ’တို့ကလည်း သူတို့အစဉ်အလာအတိုင်း စစ်ရေးပြအခမ်းအနားလုပ်တာသာဖြစ်ပြီး ဒါဟာ စစ်တပ်ကို ရန်လိုတဲ့အပြုအမူမဟုတ်ကြောင်းနဲ့ နိုင်ငံကနေ ခွဲထွက်ဖို့လည်းလုပ်ဆောင်မှာမဟုတ်ဘူးလို့ တရားဝင်ကြေညာခဲ့သည်။ UWSA တို့ အကင်းပါးပါးတုံ့ပြန်ခဲခြင်းလည်းဖြစ်သည်။ 






‘ဝ’ ပြည်နယ်နှင့်မျှော်မှန်းချက်


‘ဝ’ဒေသ ကို ၂၀၀၈ အခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ဖော်ပြထားသည်။ 

ရှမ်းပြည်အရှေ့မြောက်တွင်တည်ရှိသည်။ သံလွင်မြစ်အရှေ့ခြမ်းတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ ကိုယ်ဒေသ၊ ကိုယ်ပိုင်ဥပဒေ၊ ကိုယ်ပိုင်လက်နက်ကိုင်အင်အား၊ တရုတ်ယွမ်ငွေဖြင့် လည်ပတ်နေခြင်းဖြစ်သည်။ လက်နက်ကိုင်အင်အားက ၃၀၀၀၀ ခန့်ရှိသည်။ UWSA သည် အပစ်ရပ်ငြိမ်းချမ်းရေးစာချုပ်(NCA) တွင် လက်မှတ်မထိုးထား။

‘ဝ’ဒေသမှာ ဟိုပန်နှင့် မက်မန်း (မော်ဖာ)၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း ဆိုပြီး မြို့နယ်ခြောက်ခုရှိသော်လည်း ဟိုပန်နဲ့မက်မန်း မြို့နယ်တွေသာ အစိုးရထိန်းချုပ်မှုအောက်မှုရှိခဲ့ပြီး ရွေးကောက်ပွဲလုပ်မည်ဆိုပါက UWSP/UWSA နှင့် ညှိနှိုင်းနေရဆဲဖြစ်သည်။ ဌာနချုပ်မှာ ပန်ဆန်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာအရပ်သားအစိုးရ၏ ရွေးကောက်ပွဲကော်မရှင်ကပင် ‘ဝ’ဒေသ တွင် ရွေးကောက်ပွဲလုပ်ရန် သွားရောက်ညှိနှိုင်းခဲ့ရသည်။ထိုသို့တွေ့ဆုံရာတွင် ‘ဝ’တို့ဘက်က "ဝ"ပြည်သွေးစည်းညီညွတ်ရေး ပါတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ဒုတိယစစ်သေနာ ပတိ ချုပ် အပါအဝင် ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုပါ ‘ဝ’ဒေသကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့သည်။ 

‘ဝ’လူမျိုးတွေများ၏ အိပ်မက်သည် သူတို့ဒေသကို တရားဝင်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန်ဖြစ်သည်။

ဤမျှော်မှန်းချက်သည် နေ့ချင်းညချင်းဖြစ်တည်လာခြင်းမဟုတ် ကာလရှည်ကြာကတည်းက အစဉ်တစိုက် တောင်းဆိုနေခဲ့ခြင်းဖြစ်သည်။ 

ဤအချက်ကို ယခုအခါ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဥ် အတိအလင်းတောင်းဆိုသည်။ ယခုတစ်ခေါက်တွေ့ဆုံမှုတွင်လည်း ပြည်နယ်အဖြစ်သတ်မှတ်ပေးရေးကို စစ်ခေါင်းဆောင်က မူအားဖြင့်လက်ခံကြောင်း ‘ဝ’ဒေသ လားရှိုးပြည်သူ့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ထုတ်ဖော်ပြောဆိုထားသည်။


ထုတ်ပြန်ချက်ကပြောသောနိုင်ငံရေး


‘ဝ’ တို့ထုတ်ပြန်ချက်တွင် အချက် ၈ ချက်ပြောသည်။ ပြည်တွင်း နိုင်ငံရေးနှင့်ပတ်သက်ပြီး ၄ ချက်၊ သူတို့တောင်းဆိုချက်နှင့်ပတ်သက်သည့် ၄ ချက်ဖြစ်သည်။ 

ပြည်တွင်း နိုင်ငံရေးနှင့်ပတ်သက်ပြီး ၄ ချက်တွင် နံပါတ် ၁ အချက်မှာ အစိုးရအဖြစ်မည်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားအရေးဟုဆိုသည်။ 

ယင်းအချက်ကိုကြည့်လျှင် အာဏာသိမ်းမှုနှင့်နွေဦးတော်လှန်ရေးကိစ္စကို ဗမာချင်းဖြစ်သည့် အာဏာလုပွဲဟု ဆိုလိုရာရောက်ရာ လက်ရှိအခင်းအကျင်းကို ကောင်းစွာနားမလည်သေးခြင်း သို့မဟုတ် နိုင်ငံရေးပါးဝခြင်းဟု သုံးသပ်နိုင်သည်။ 

ဆိုလိုသည်မှာ လက်ရှိအခင်းအကျင်းသည် အာဏာသိမ်းစစ်တပ်နှင့် NLD တို့၏ ပဋိပက္ခမဟုတ်။ ပြည်သူ့ဆန္ဒနှင့်ရွေးကောက်ထားသည့် အစိုးရ(NLD မှမဟုတ်၊ တခြားအာဏာရပါတီ)ထံမှ အာဏာလုသောကြောင့် ဖြစ်လာခြင်းဖြစ်သည်။ 

ဤသို့ထင်ရှားသည်ကို ‘ဝ’ တို့မမြင်သည်သည်မှာ မမြင်ချင်၍ မဟုတ် နိုင်ငံရေးပရိယာယ်သာဖြစ်ပေလိမ့်မည်။ အကြောင်းမှာ ဗမာချင်းဖြစ်သည့် ပဋိပက္ခ သူတို့ တို့ဝင်မပါဟု ပြောလိုသောကြောင့်ဖြစ်သည်။ ထိုသို့လည်း ပြောထားသည်။ 

မြန်မာစကားပုံတွင် ယာလည်းညက်စေ၊ ကြက်လည်းမောစေဟူ၍ ရှိသည်။ ကြက်နှစ်ကောင်ခွပ်သည်ကို ချက်ချင်းမဖမ်း၊ ယာထွန်စောင့်ရင်း ကြက်တွေမောလာတော့မှ ဖမ်းခိုင်းခြင်းဖြစ်သည်။ ဝ တို့လည်း ဘယ်ဘက်မှဝင်မပါ။ သို့သော် နေပြည်တော် တက်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းလေသည်။

အခြားတစ်ဖက်က ဆင်ခြင်လျှင်မူ ဤပဋိပက္ခသည် ဗမာချင်းဖြစ်သည့် အာဏာလုပွဲဟု အခြား တိုင်းရင်းသားများကို သိစေလိုခြင်းလည်း ဖြစ်နိုင်ပေသည်။

နံပါတ် ၂ အချက်ကို ခြုံပြောလျှင် နှစ် ၇၀ ကျော်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်မှာ လက်နက်ကိုင်နည်းလမ်းနှင့် မဖြေရှင်းနိုင်ဟု စစ်ခေါင်းဆောင်အပါအဝင် ကိုယ့်ကိုယ်ကိုယ်လည်လှ၊ထက်လှသည် ထင်သော ဗမာနိုင်ငံရေးသမားများကို သင်ခန်းစာလာပေးသွားခြင်းဖြစ်သည်။ 

ဤသင်ခန်းစာသည် ဗမာချင်းဖြစ်သည့် စစ်အတွက်လည်း သင့်လျော်သည်ဟုဆိုသည်။ နောက်တစ်ချက်ကတော့ ကိုယ့်ကိစ္စကိုယ်ရှင်းရမှာဖြစ်ပြီး ပြည်ပကလာမရှင်းနိုင်ဟုပြောသည်။ နံပါတ် ၄ အချက်ကမူ တွေ့ဆုံဆွေးနွေးရေးသည်သာ အဖြေဟုပြောသွားသည်။ 

နှုန်းစံအခြေပြုနိုင်ငံရေးမှ ဖယ်ခွာသည့် ဝ ခေါင်းဆောင်တို့၏ လက်တွေ့ကျသည့်ရှုမြင်ချက်ဖြစ်ရာ စဉ်းစားသင့်သည့်ကိစ္စလည်းဖြစ်သည်။ ဒိုင်ယာလော့ဒ်ကို ဘယ်အချိန်ပြောမလဲဆိုသည်ကသာ အရေးကြီးသည့်ကိစ္စဖြစ်ပြီး တချိန်ချိန်တွင်တော့ စားပွဲဝိုင်းထိုင်ရမည်သာဖြစ်သည်။

‘ဝ’တို့၏ လက်တွေ့နိုင်ငံရေး 

‘ဝ’ခေါင်းဆောင်များသည် ပြည်မသို့အရောက်အပေါက်နည်းလှသည်။ သို့သော်လည်း ‘ဝ’ခေါင်းဆောင်များ၏ လက်တွေ့ကျသော နိုင်ငံရေးကို နေပြည်တော်ငြိမ်းချမ်းရေးဆွေးနွေးပွဲတောင်းဆိုချက်များကိုကြည့်လျှင် သိနိုင်ပေသည်။

တောင်းဆိုချက်တွင် အချက်လေးချက်ဖော်ပြထားသော်လည်း ‘ဝ’ခေါင်းဆောင်တို့ တောင်းဆိုသည်မှာ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ရရှိရေးဟူသည့် အချက်တစ်ချက်တည်းသာဖြစ်သည်။ 

ထိုသို့ ကိုယ်လိုတာကိုဦးစွာမတောင်းခင် စစ်တပ်က စိတ်ပူနေသည့်ကိစ္စကို သူတို့မလုပ်ဟု ဦးစွာကတိပေးသည်။ 
ထိုအချက်မှာ ‘ဝ’တို့သည် နိုင်ငံကို ပြိုကွဲအောင်မလုပ်၊ နိုင်ငံမှ ခွဲမထွက်ဟူသည့် ကတိပင်ဖြစ်သည်။ ထို့အပြင် ပြည်နယ်အဆင့်၊ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးမူကို ဆက်လက်ထိန်းသိမ်းမည်ဟုလည်းဆိုသေးသည်။ 

‘ဝ’ပြည်နယ်တောင်းခြင်းသည် ဤဒေသတွင်နေထိုင်ကြသော လူဦးရေခြောက်သိန်း၏ ဆန္ဒဟုလည်းဆိုသည်။ 

နောက်ဆုံးအချက်ကမူ ငြိမ်းချမ်းရေးကဗျာဆရာကြီးဆရာဒဂုန်တာရာ၏ စကားအတိုင်းလှလှပပ ကျင့်သုံးပြသွားခြင်းဖြစ်သည်။ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်သည့် နိုင်ငံရေး အနုပညာပင်ဖြစ်သည်။ 

‘ဝ’တို့က တောင်းဆိုချက်များမရလျှင်လည်း လက်ရှိအခြေအနေကို ထိန်းသိမ်းဖို့နဲ့ နှစ်ဖက်ကြားပဋိပက္ခ မဖြစ်အောင် ရှောင်ရှားကြဖို့ကို နောက်ဆုံးအချက်တွင်ထားကာ အလေးအနက်ပြောသွားခြင်းဖြစ်သည်။ 

‘ဝ’ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ်ပေးရန် အခြေခံဥပဒေက ဟန့်တားထားသည်။ ထို့ကြောင့် အခြေခံဥပဒေကိုပြင်မှသာ ရပေမည်။ ‘ဝ’ခေါင်းဆောင်တွေက နေပြည်တော်တက်လာပြီး အခြေခံဥပဒေပြင်ရန် သွယ်ဝိုက်၍ လာပြောခြင်းဖြစ်သည်။ မူအားဖြင့်လည်း သဘောတူညီမှုရရှိခဲ့ကြသည်။ 

၂၀၂၂ ခုနှစ်၊ မေလကုန်တွင် ရောက်ခဲလှသော ပြည်မသို့ ‘ဝ’ခေါင်းဆောင်တွေ ရောက်လာခဲ့သည်။ အရင်းမရှုံးစေရန်လည်း ကြိုတင်ပြင်ဆင်လာခဲ့သည်။ လိုတာမတောင်းမီ ကိုယ်ပေးနိုင်တာကို အရင်ပြောခဲ့သည်။ 

ဗမာနိုင်ငံရေးသမားတွေ သီအိုရီအစွဲ စာအုပ်အစွဲဖြင့် စကားလုံးတိုက်ပွဲဆင်နွှဲနေချိန်တွင် ‘ဝ’ခေါင်းဆောင်တို့က လက်တွေ့နိုင်ငံရေးကို ပြသခဲ့ခြင်းပင်ဖြစ်လေတော့သည်။

                                                                                                                                        ညိုထွန်း

Comments

Popular posts from this blog

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေး ဘယ်လိုအစပြုခဲ့လဲ

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း